မနေ့ညကပဲ ရီးယဲလ်မက်ဒရစ်အသင်းကနေ တရားဝင် ထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်လာခဲ့တဲ့ ဝါရင့်စပိန်နောက်ခံကစားသမားကြီး ဆာဂျီယိုရာမိုစ့်ဟာ ဒီကနေ့မှာတော့ သူရဲ့သတင်းစာရှင်းလင်းပွဲကို လုပ်ဆောင်သွားခဲ့ပြီး (၁၆)နှစ်တာ ကျင်လည်ခဲ့တဲ့ ကလပ်အသင်းကနေ ထွက်ခွာသွားတော့မယ့်အကြောင်း ထုတ်ဖော်ပြောဆိုချိန်မှာ မျက်ရည်တွေ ကျခဲ့ရတဲ့အထိ စိတ်ခံစားချက်တွေ ရှိနေခဲ့တဲ့အပြင် တနေ့နေ့ တချိန်ချိန်မှာလည်း ဒီအသင်းကို သူပြန်လာမှာ သေချာပါကြောင်း ရာမို့စ်က ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : TRT World

အသက်(၃၅)နှစ်အရွှယ်ရှိ ဝါရင့်နောက်ခံကစားသမားကြီး ရာမို့စ်ဟာ လွန်ခဲ့တဲ့ ၂၀၀၅ခုနှစ်ကတည်းက ဆီဗီလာကနေ ရီးယဲလ်မက်ဒရစ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ ဆယ်စုနှစ်တစ်ခုကျော်အကြာထိ ပါဝင်ကစားခဲ့သလို အသင်းနဲ့လည်း အောင်မြင်မှုပေါင်းများစွာကို ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ အခုတော့ ရာမို့စ်ဟာ သူအရမ်းချစ်ခဲ့တဲ့ ရီးယဲလ်အသင်းကို ကျောခိုင်းသွားခဲ့ရပြီဖြစ်ပြီး သူအနေနဲ့ ဒီလို အသင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ရတာဟာ သူ့အတွက် အခက်အခဲဆုံး ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ရတယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Jnews

ရာမို့စ်က “ရီးယဲလ်မက်ဒရစ်အသင်းက အမြဲတမ်းပဲ ကျွန်တော့်နှလုံးသားထဲမှာ ရှိနေမှာပါ။ ဒီအသင်းက ကျွန်တော့်ဘဝရဲ့ အံ့သြဖွယ်ကောင်းတဲ့ နေရာတစ်ခုမှာ ရှိနေတာပါ။ ဒါပေမယ့် လက်ရှိမှာတော့ ကျွန်တော့်အတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အနာဂတ်တွေတစ်ခု စောင့်ကြိုနေပါတယ်။ ဒါကြောင့် ကျွန်တော်ရဲ့ အဆင့်အတန်းကို ပြသနိုင်ဖို့အတွက်နဲ့ တခြားဆုဖလားတွေကို ပိုင်ဆိုင်ရနိုင်ဖို့အတွက် ထပ်မံရှေ့ဆက်သွားတော့မှာပါ။ ကျွန်တော် ဘယ်တော့မှ ရီးယဲလ်မက်ဒရစ်အသင်းကို နှုတ်ဆက်သွားဖို့ မပြင်ဆင်ထားခဲ့ဖူးပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ နှုတ်ဆက်ရမယ့် အချိန်က ရောက်ရှိလာခဲ့ပါပြီ။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ကျွန်တော် ဒီအသင်းဆီကို ကျွန်တော်ပြန်လည်ရောက်ရှိလာမှာပါ။ အသင်းပရိသတ်တွေကိုလည်း ကျွန်တော်ကျေးဇူးတင်ချင်ပါတယ်။ သူတို့က ကျွန်တော့်ကို အမြဲတမ်းအားပေးလာခဲ့တာပါ။ အားလုံးကိုလည်း ကျွန်တော်နှုတ်ဆက်ပါတယ်။ အားလုံးက ကျွန်တော်ရဲ့ နှလုံးသားထဲမှာ အမြဲရှိနေမှာပါ” လို့ ရှင်းလင်းပြောဆိုသွားပါတယ်။ ရာမို့စ်ဟာ အသင်းကနေ သူ့ကို တစ်ရာသီသာ ထပ်တိုးကမ်းလှမ်းခဲ့တာဖြစ်ပြီး သူက အနည်းဆုံး (၂)ရာသီလောက် သက်တမ်းတိုးချင်ခဲ့တာကြောင့် သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်ခဲ့ပဲ အခုလို လက်တွဲဖြုတ်လိုက်ရတာဖြစ်တယ်လို့ သိရှိရပါတယ်။