MySport Myanmar

ဒီလထဲမှာ ကျင်းပမဲ့ ခြေစမ်းပွဲစဉ်အတွင်း ပါဝင်ကစားသွားဖို့ ရှိနေတဲ့ အဂွဲရိုး

မန်ချက်စတာစီးတီးအသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး ဆာဂျီယိုအဂွဲရိုးဟာ အခု ဇန်နဝါရီလထဲမှာ ကျင်းပသွားမဲ့ 2023 Noche Amarilla ချစ်ကြည်ရေး ခြေစမ်းပွဲစဉ်မှာ အထူးဧည့်သည်တော်အဖြစ် ပါဝင်ကစားသွားဖို့ ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Twitter

အသက်(၃၄)နှစ်အရွယ်ရှိ အာဂျင်တီးနား ကစားသမားဟောင်းကြီး အဂွဲရိုးဟာ ၂၀၂၁ခုနှစ် နိုဝင်ဘာလနောက်ပိုင်းကတည်းက ပရော်ဖက်ရှင်နယ် ဘောလုံးပွဲတွေမှာ တစ်ပွဲမှ ပါဝင်ကစားထားရခြင်း မရှိသေးပဲ ဘောလုံးသမားဘဝက အနားမယူခင် ဘာစီလိုနာနဲ့ အလာဗက်စ်တို့ တစ်ဖက် တစ်ဂိုးစီ သရေကျထားခဲ့တဲ့ လာလီဂါပွဲသာ သူရဲ့ နောက်ဆုံးပွဲစဉ် ဖြစ်ထားခဲ့ရပါတယ်။ အဲ့ဒီပွဲစဉ်အတွင်း အဂွဲရိုးဟာ ရင်ဘတ်မအီမသာဖြစ်မှု နှလုံးခုန်မမှန်မှုတွေ ခံစားခဲ့ရတာကြောင့် ပွဲအပြီးမှာပဲ ဆေးရုံကို ပို့ဆောင်ကုသခဲ့ရပြီး ကနဦးပိုင်းမှာ (၃)လလောက်ပဲ အနားယူရမယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် ဆရာဝန်တွေရဲ့ အကြံပြုချက်တွေအရ ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်ဖို့သာ ဆုံးဖြတ်ခဲ့ရပါတယ်။

Photo Credit : Twitter

မန်စီးတီးအသင်းနဲ့ အောင်မြင်မှုတွေ များစွာ ရယူခဲ့ပြီး မန်စီးတီးမှာသာမကပဲ ပရီးမီးယားလိဂ် legend player တစ်ဦးအဖြစ်ပါ သတ်မှတ်ခံထားရတဲ့ အဂွဲရိုးဟာ မကြာခင်မှာတော့ သူရဲ့ မြက်ခင်းစိမ်းပေါ်က သက်ဝင်လှုပ်ရှားမှုတွေကို ဘောလုံးပရိသတ်တွေ ပြန်လည် မြင်တွေ့ခံစားရတော့မှာပဲ ဖြစ်ပါတယ်။ အဲ့ဒါကတော့ နှစ်စဉ်နှစ်တိုင်း ဒီလိုအချိန်အခါမျိုးမှာ အီကွေဒေါနိုင်ငံအတွင်း ကျင်းပနေကြဖြစ်တဲ့ Noche Amarilla ချစ်ကြည်ရေး ခြေစမ်းပွဲစဉ်မှာ အဂွဲရိုးအနေနဲ့ ဒီပွဲရဲ့ guest star တစ်ဦးအနေနဲ့ ပါဝင်သွားဖို့ လက်ခံလိုက်တာကြောင့်ပါပဲ။ နှစ်တိုင်း ကျင်းပနေတဲ့ ရိုးရာ ခြေစမ်းပွဲစဉ်ဟာ ကျင်းပတဲ့ နှစ်တိုင်းမှာလည်း တောင်အမေရိကရဲ့ ဘောလုံးအကျော်အမော်တစ်ဦးကို ဖိတ်ခေါ်တတ်လေ့ရှိရာ အခု ၂၀၂၃ခုနှစ် ပွဲစဉ်အတွက်ကိုတော့ မန်စီးတီးနဲ့ အာဂျင်တီးနား legend ကြီး အဂွဲရိုးကို ဖိတ်ခေါ်ထားနိုင်ခဲ့ပါတယ်။ ဇန်နဝါရီ(၂၈)ရက်နေ့မှာ ကျင်းပသွားမဲ့ 2023 Noche Amarilla ချစ်ကြည်ရေး ခြေစမ်းပွဲစဉ်မှာ အဂွဲရိုးက အထူးဧည့်သည်တော် ကစားသမားအဖြစ် ပါဝင်သွားမှာ ဖြစ်တယ်လို့ နာမည်ကျော် အီကွေဒေါကလပ် ဘာစီလိုနာ S.C အသင်းက အတည်ပြုသွားခဲ့ပြီး အဂွဲရိုးကလည်း ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို သွားရောက်ကြည့်ရှုစဉ် ဘာစီလိုနာ S.C ပရိသတ်တွေက Noche Amarilla ပွဲမှာ ပါဝင်ပေးဖို့ တောင်းဆိုခဲ့သေးတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version