MySport Myanmar

မိုဗစ်ရဲ့ အာဂျင်တီးနားအသင်းသားတွေအပေါ် မှတ်ချက်စကားကို အဂွဲရိုး တုံ့ပြန်

နာမည်ကျော် ဆွီဒင် ဝါရင့် ကစားသမားကြီး ဇလာတန်အီဘရာဟီမိုဗစ်က ၂၀၂၂ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ခဲ့တဲ့ အာဂျင်တီးနားအသင်းမှ လီယွန်နယ်မက်ဆီကလွဲပြီး ကျန်တဲ့ ကစားသမားတွေအပေါ် ပြစ်တင်ဝေဖန်တဲ့ မှတ်ချက်စကားကို ပြောဆိုလာခဲ့ရာ အာဂျင်တီးနား ကစားသမားဟောင်းကြီး ဆာဂျီယိုအဂွဲရိုးကိုယ်တိုင် မိုဗစ်ကို ပြန်လည် တုံ့ပြန်လာခဲ့ပါတယ်။

Photo Credit : The Mirror

အေစီမီလန်အသင်းမှာ ပါဝင်ကစားနေတဲ့ မိုဗစ်က သူရဲ့ဘာစီလိုနာအသင်းဖော်ဟောင်း မက်ဆီကို အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလား ဆွတ်ခူးစေချင်တယ်လို့ ပြောဆိုထားခဲ့ဖူးပေမယ့် အာဂျင်တီးနားက ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်လာချိန်မှာတော့ မက်ဆီရဲ့ အာဂျင်တီးနားအသင်းဖော်တွေကို ဝေဖန်မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ အထူးသဖြင့် ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် လက်စွမ်းပြ ကာကွယ်မှုတွေ လုပ်ဆောင်ပေးခဲ့သူ ဂိုးသမား မာတီနက်ဇ်ရဲ့ အောင်ပွဲခံမှုတွေနဲ့ ပတ်သတ်ပြီး မိုဗစ်က အာဂျင်တီးနား ကစားသမားတွေကို ဝေဖန်ခဲ့သလို ဒီကစားသမားတွေက ကမ္ဘာ့ဖလားကို ဒီတစ်ကြိမ်သာ ရယူနိုင်တော့မယ့် ပုံစံမျိုး အောင်ပွဲခံသွားခဲ့တယ်လို့ပါ မှတ်ချက်စကား ဆိုသွားခဲ့ပါတယ်။

Photo Credit : GiveMeSport

ဒီစကားနဲ့ ပတ်သတ်ပြီး အာဂျင်တီးနား ကစားသမားဟောင်းကြီး အဂွဲရိုးက မိုဗစ်ကို “ကျွန်တော်တို့ကို ကမ္ဘာ့ဖလားမှာ နောက်ထပ် အနိုင်မရနိုင်တော့ဘူးလို့ ပြောတာကတော့ အရမ်း မိုက်ရိုင်းလွန်းတယ်လို့ ထင်မိပါတယ်။ အာဂျင်တီးနားအသင်းအကြောင်းကို မစိုးရိမ်ခင်မှာ နောက်ဆုံးအကြိမ် ကျင်းပသွားခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတောင် ပါဝင် ဆင်နွဲခွင့်မရခဲ့တဲ့ သူ့နိုင်ငံကအသင်းက ကစားသမားတွေအတွက်ကိုပဲ ပိုပြီး စိုးရိမ်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်” ဆိုပြီး ပြန်လည် ချေပသွားခဲ့ပါတယ်။ ၂၀၁၈ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ကွာတားဖိုင်နယ်အဆင့်ထိ ရောက်ရှိခဲ့တဲ့ မိုဗစ်ရဲ့ ဆွီဒင်အသင်းဟာ ၂၀၂၀ကာတာကကမ္ဘာ့ဖလားမှာတော့ ခြေစစ်ပွဲ မအောင်မြင်ခဲ့တာကြောင့် လွဲချော်ထားခဲ့ရပါတယ်။ လက်ရှိမှာ မိုဗစ်အနေနဲ့လည်း အသက်(၄၀)ထဲကို ရောက်ရှိနေပြီဖြစ်လို့ ၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆွီဒင်အသင်း ခြေစစ်ပွဲ အောင်မြင်ခဲ့မယ်ဆိုရင်တောင် ပါဝင်ကစားနိုင်ဖို့က မဖြစ်နိုင်တော့တဲ့ အခြေအနေမျိုး ရှိနေပါတယ်။

Exit mobile version