မနေ့ညက ကျင်းပသွားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ မိုချန်ဂလာဘတ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ဒုတိယအကျော့ပွဲစဉ်အတွင်းမှာ မန်စီးတီးအသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး ဆာဂျီယိုအဂွဲရိုးက အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာခြင်းမရှိပေမယ့် ဒုတိယပိုင်း ပွဲကစားချိန် (၇၅)မိနစ်အရောက်မှာတော့ လူစားဝင် ပါဝင်ခွင့်ရခဲ့ပြီး ပွဲကစားချိန် (၁၅)မိနစ် ဝန်းကျင်လောက် ကစားခဲ့ရပေမယ့် ဂိုးကန်ချက်တစ်ကြိမ်မှ မရခဲ့သလို သူ့ကိုလည်း အသင်းဖော်တွေက ဘောလုံးပေးပို့မှုတွေ မရှိခဲ့ဘူးလို့ အဂွဲရိုးက စိတ်ပျက်စွာနဲ့ ညည်းညူပြောဆိုသွားခဲ့ပါတယ်။

Photo Credit : TNT Sport

အသက်(၃၂)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်မှူး အဂွဲရိုးဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ဒဏ်ရာပြသာနာများစွာ ရရှိနေရခြင်းကြောင့် မန်စီးတီးအသင်းရဲ့ ပွဲစဉ်တော်တော်များများကို လွဲချော်ထားခဲ့ရတဲ့အပြင် သူရဲ့နဂိုခြေစွမ်းကို ပြသဖို့အတွက်လည်း ရုန်းကန်နေရသလို ပွဲထွက်ခွင့်အတွက်လည်း ရုန်းကန်နေရတာဖြစ်ပါတယ်။ အခုလည်း အသင်းရဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်မှာ မိနစ်အနည်းငယ် ပါဝင်လာခဲ့ရပေမယ့် အသင်းဖော်တချို့ရဲ့ ဘောလုံးပေးပို့မှုတွေ မရရှိခဲ့တာကြောင့် အဂွဲရိုးမှာ သူပါဝင်လိုက်ရတဲ့ (၁၆)မိနစ်အတွင်း ဂိုးကန်သွင်းမှု တစ်ကြိမ်မှကို မရှိခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Sport Illustrated

ပွဲပြီးဆုံးချိန်မှာတော့ အဂွဲရိုးက မကျေနပ်စွာနဲ့ မန်စီးတီးအသင်းရဲ့ နည်းပြတစ်ဦးကို အသင်းဖော်တွေက သူ့ကို ဘောလုံးပေးပို့မှုတွေ မလုပ်ကြဘူးဆိုပြီး အော်ဟစ်ပြောဆိုသွားခဲ့ပါတယ်။ အဂွဲရိုးဟာ ပြီးခဲ့တဲ့ ၂၀၂ဝခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့က ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မာဆေးလ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်အတွင်း အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပြီးနောက်ပိုင်းကတည်းက ဒဏ်ရာပြသာနာတွေကြောင့် သူရဲ့ပွဲထွက်ကစားခွင့်တွေ ဆုံးရှုံးခဲ့ရသလို ပါဝင်ရတဲ့ ပွဲတွေမှာလည်း သွင်းဂိုးရယူဖို့ ရုန်းကန်လာခဲ့ရပါတယ်။ အဂွဲရိုးဟာ မာဆေးလ်ဘက်ကို သွင်းယူခဲ့ပြီးနောက် (၃)လအကြာ မတ်လ(၁၄)ရက်နေ့က ဖူလ်ဟမ်နဲ့ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာမှ သူရဲ့သွင်းဂိုးကို ပြန်လည်မြင်တွေ့ခဲ့ရတာဖြစ်ပြီး အခုလည်း သူရဲ့အသင်းဖော်တွေရဲ့ ဘောလုံးပေးပို့မှု ပျက်ကွက်ခဲ့တာကြောင့် အဂွဲရိုးရဲ့ သွင်းဂိုးကို ထပ်မံမြင်တွေ့ခွင့်မရခဲ့တာပဲဖြစ်ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ အဂွဲရိုးရဲ့ အသင်းဖော်မာရက်ဇ်က အဂွဲရိုးကို ဘောလုံးပေးဖို့ အကောင်းဆုံး အနေအထား ဖြစ်ခဲ့ချိန်မှာ ပေးပို့ဖို့ထက် ကန်သွင်းဖို့ကိုသာ ရွေးချယ်သွားခဲ့တယ်လို့ သိရပါတယ်။