ဒီနှစ်ဘောလုံးရာသီမှာ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရတဲ့ မန်စီးတီးအသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမား ဆာဂျီယိုအဂွဲရိုးဟာ ဝက်စ်ဟမ်းအသင်းနဲ့ တစ်ဖက်ကို တစ်ဂိုးစီသရေကျခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း တံကောက်ကြောဒဏ်ရာရခဲ့ပြီိးနောက် အသင်းရဲ့ပွဲတချို့ကို လွဲချော်ခဲ့ရပေမယ့် လာမယ့်တစ်ပတ်အတွင်းမှာပဲ အသင်းနဲ့ လေ့ကျင့်ခန်းတွေ ပြန်လည်ဆင်းနိုင်တော့မှာဖြစ်ကာ စပါးအသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် ပြန်လည်ကစားပေးဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Manchester Evening News

အသက်(၃၂)နှစ်အရွှယ်ရှိ အာဂျင်တီးနားတိုက်စစ်ကစားသမား အဂွဲရိုးဟာ မနှစ်ကတည်းက ရရှိထားခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ဒီနှစ်ဘောလုံးရာသီ အစပိုင်းပွဲစဉ်တွေကို လွဲချော်ခဲ့ရကာ ဒဏ်ရာကနေ ပြန်လည်သက်သာလာချိန် အာဆင်နယ် ပေါ်တို ဝက်စ်ဟမ်းအသင်းတို့နဲ့ ပွဲစဉ်တွေမှာ ပါဝင်ကစားခဲ့ပေမယ့် ဝက်စ်ဟမ်းနဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာကို ပြန်လည်ရရှိခဲ့လို့ ရှက်ဖီးယူနိုက်တက် မာဆေးလ် လီဗာပူးလ် အိုလံပီယာကော့စ်အသင်းတို့နဲ့ ပွဲစဉ်တွေကို ဆက်တိုက်လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် အဂွဲရိုးဟာ အခုတော့ တံကောက်ကြောဒဏ်ရာကနေလည်း ပြန်လည်သက်သာလာပြီဖြစ်လို့ လာမယ့်တစ်ပတ်အတွင်းမှာပဲ အသင်းနဲ့ လေ့ကျင့်ခန်းတွေ ပြန်လည်ဆင်းနိုင်တော့မှာဖြစ်ပါတယ်။

Photo Credit : The Sun

မန်စီးတီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ဒဏ်ရာပြသာနာတွေနဲ့ နှိပ်စက်မှုများကို အလူးအလဲ ရင်ဆိုင်နေရပြီး အဓိကတော့ အသင်းရဲ့ တိုက်စစ်မှူး(၂)ယောက်ဖြစ်တဲ့ အဂွဲရိုးနဲ့ ဂျေဆူးတို့ ဒဏ်ရာရနေချိန်မှာ အသင်းရဲ့တိုက်စစ်က သွင်းဂိုးရရှိမှု အပိုင်းမှာပါ ကျဆင်းသွားခဲ့ရပါတယ်။ အသင်းရဲ့ အမြဲတမ်းဂိုးသွင်းအများဆုံး တိုက်စစ်မှူးကြီးဖြစ်တဲ့ အဂွဲရိုးဆိုရင်လည်း ဒဏ်ရာပြသာနာတွေကြောင့် ဒီရာသီမှာ မန်စီးတီးအတွက် ပြိုင်ပွဲစုံ(၃)ပွဲသာ ပါဝင်ထားခဲ့ရကာ သွင်းဂိုး(၁)ဂိုးပဲ ရယူထားနိုင်ခဲ့ပါတယ်။ အဂွဲရိုးရဲ့ လက်ရှိပုံစံနဲ့ပတ်သက်ပြီးတော့လည်း Sky Sports ရုပ်သံရဲ့ ဘောလုံးပွဲသုံးသပ်သူအဖြစ် တာဝန်ယူဆောင်ရွှက်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက အဂွဲရိုးဟာ ဒဏ်ရာပြသာနာတွေကနေ သက်သာလာခဲ့လို့ ပြန်လည်ကစားရချိန်မှာ Over Weight ဖြစ်လို့နေပြီး ကိုယ်လုံးကိုယ်ထည်က လေးလံနေသလို ဖြစ်နေရတယ်လို့ ဝေဖန်ပြောဆိုထားခဲ့ပါတယ်။ ဒါပေမယ့် အဂွဲရိုးလို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်ကစားသမားတစ်ယောက်က ဒီရာသီမှာ ရလဒ်တွေ ကောင်းမွန်လို့နေတဲ့ စပါးအသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲကျပ်ပွဲစဉ်မှာ အသင်းအတွက် ပြန်လည်ကစားနိုင်တော့မှာကတော့ မန်စီးတီးအတွက် အကျိုးရှိနေမှာ သေချာပါတယ်။