ဘာစီလိုနာအသင်းရဲ့ ကစားသမားသစ် တိုက်စစ်မှူး ဆာဂျီယိုအဂွဲရိုးက သူ့ကို အသင်းဘက်ကနေ အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း လီယွန်နယ်မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၁၀)ကို ဆက်လက်ဝတ်ဆင်သွားဖို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း သူကတော့ သူရဲ့အာဂျင်တီးနားအသင်းဖော်လည်းဖြစ် အရင်းနှီးဆုံး မိတ်ဆွေလည်းဖြစ်တဲ့ မက်ဆီရဲ့ ကျောနံပါတ်ကို ထပ်မံဝတ်ဆင်သွားဖို့ ဆန္ဒမရှိပဲ သူရဲ့သူငယ်ချင်းအပေါ် လေးစားမှုမရှိတဲ့ လုပ်ရက်မျိုး ဖြစ်သွားမှာကြောင့် အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၃၃)နှစ်အရွှယ်ရှိ အာဂျင်တီးနား ဝါရင့်တိုက်စစ်ကစားသမား အဂွဲရိုးဟာ ဒီနွေစျေးကွက်အတွင်းမှာပဲ မန်စီးတီးအသင်းကနေ ဘာစီလိုနာအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူ့ကို ကမ်းလှမ်းနေတဲ့ ကလပ်အသင်းများစွာထဲကမှ လက်ရွေးစင် အသင်းဖော် မက်ဆီရှိရာ ဘာစီလိုနာအသင်းကို ရွေးချယ်ခဲ့တာ ဖြစ်ပေမယ့်လည်း မက်ဆီက ဘာစီလိုနာအသင်းမှာ ဆက်လက်ရှိမနေနိုင်ခဲ့ပဲ ပီအက်စ်ဂျီအသင်းဆီကို ပြောင်းရွှေ့ခဲ့ရပါတယ်။ ဘာစီလိုနာကနေ မက်ဆီ ထွက်ခွာသွားချိန်မှာ သူရဲ့ကျောနံပါတ်(၁၀)က လစ်လပ်သွားခဲ့ရပြီး ဒီကျောနံပါတ်ကို အဂွဲရိုး ကော်တင်ဟိုတို့ကို ဆက်လက်ဝတ်ဆင်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဒီကစားသမားတွေက ငြင်းဆန်ခဲ့ပြီး နောက်ဆုံးမှာတော့ လူငယ်ကစားသမားလေး အန်ဆူဖာတီက ဒီနံပါတ်ကို ဝတ်ဆင်သွားဖို့ လက်ခံသွားခဲ့ပါတယ်။

Photo Credit : SPORTbible

မက်ဆီနဲ့ ဘာစီလိုနာအသင်းတို့ မမျှော်လင့်ပဲ လမ်းခွဲခဲ့ရတဲ့အပေါ် တခြားသူတွေထက် ပိုပြီးစိတ်မကောင်း ဖြစ်ခဲ့ရတဲ့ အဂွဲရိုးဟာ သူရဲ့သူငယ်ချင်းဖြစ်သူ ဘာစီလိုနာမှာ ကျင်လည်ခဲ့စဉ်က အချိန်ကြာမြင့်စွာ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၁၀)ကို ဆက်ခံသွားဖို့ ပယ်ချခဲ့ပြီး မက်ဆီရဲ့ ကျောနံပါတ်ဟောင်းတစ်ခုဖြစ်တဲ့ နံပါတ်(၁၉)ကိုသာ ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အဂွဲရိုးက “ဘာစီလိုနာမှာ ကျောနံပါတ်(၁၀)ကို ဝတ်ဆင်သွားဖို့ ငြင်းဆန်ခဲ့တာလားဆိုတော့ အဲ့ဒီလိုတော့ မရှိခဲ့ပါဘူး။ ကျွန်တော်ကိုယ်တိုင်ကိုက မဝတ်ချင်တာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်သာ ဒီကမ်းလှမ်းမှုကို လက်ခံခဲ့မယ်ဆိုရင် မက်ဆီအပေါ် ကျွန်တော်ရဲ့ လေးစားမှုက ကင်းမဲ့သွားမှာကြောင့်ပါ” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ ခြေသလုံးကြွက်သားဒဏ်ရာ ခံစားနေရတဲ့ တိုက်စစ်ကစားသမား အဂွဲရိုးဟာ လာမယ့်နိုဝင်ဘာလမှသာ ဘာစီလိုနာအတွက် ပြန်လည်ကစားနိုင်ဖွယ် ရှိနေပြီး ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းကတော့ အောက်တိုဘာလနှောင်းပိုင်းမှာ ပြန်လည်အသုံးပြုနိုင်ဖို့ မျှော်လင့်လျက် ရှိနေပါတယ်။