MySport Myanmar

ဘက်ခမ်းက သူ့ကို အလိုရှိခဲ့ကြောင်းနဲ့ မြက်ခင်းစိမ်းတွေပေါ် ပြန်လာဖွယ်ရှိကြောင်း အဂွဲရိုး ဖွင့်ဟ

မကြာသေးခင်ကမှ ဘောလုံးသမားဘဝကနေ လုံးဝကို အနားယူသွားခဲ့တဲ့ မန်စီးတီး ဂန္တဝင်ကစားသမားဟောင်းကြီး ဆာဂျီယိုအဂွဲရိုးက သူ့ကို ဘောလုံးသမားဟောင်းကြီး ဒေးဗစ်ဘက်ခမ်းက သူပူးတွဲပိုင်ဆိုင်တဲ့ မေဂျာလိဂ် ဘောလုံးကလပ် အင်တာမိုင်ယာမီအသင်းဆီ ပြောင်းရွှေ့လာဖို့ ကမ်းလှမ်းလာခြင်းအပေါ် ပယ်ချခဲ့ကြောင်းနဲ့ ဘောလုံးကွင်းထဲကို ပြန်လည်ဝင်ရောက်လာဖို့ကိုတော့ စိတ်လှုပ်ရှားနေမိကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Football Espana

ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဘာစီလိုနာအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ အာဂျင်တီးနား ထိပ်တန်းကစားသမား အဂွဲရိုးဟာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ(၅)ပွဲသာ ကစားပေးခဲ့ရပြီး နှလုံးရောဂါ အခြေအနေမျိုး ဖြစ်လာခဲ့တဲ့အတွက် ဘောလုံးဆက်ကစားဖို့ မဖြစ်နိုင်တော့ပဲ အသက်(၃၃)နှစ်အရွှယ်မှာ သူရဲ့ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို အနားယူထားရပေမယ့်လည်း အဂွဲရိုးက ဘောလုံးလောကထဲကို အံ့အားသင့်ဖွယ် ပြန်လည်ဝင်ရောက်လာနိုင်ဖွယ် ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Barca Universal

အဂွဲရိုးက “မနေ့က ကျွန်တော် ဘောလုံးပြန်ကစားနိုင်တော့မယ်လို့ စိတ်ထဲမှာ တွေးနေမိပါတယ်။ ဆရာဝန်တွေ ပြောထားလို့ ကျွန်တော် (၅)လ(၆)လလောက် လှုပ်ရှားမှု မရှိခဲ့ရပေမယ့် ပြန်ပြီးလေ့ကျင့်ချင်နေပါပြီ။ အပန်းဖြေသလိုမျိုးလေးနဲ့ ပြန်ကစားချင်နေပါပြီ။ အင်တာမိုင်ယာမီက ကျွန်တော့်ကို ဆက်သွယ်ခဲ့ပေမယ့် ကျွန်တော် ငြင်းဆန်ခဲ့ပါတယ်။ နှစ်နှစ်အတွင်းတော့ ဘာတွေဖြစ်လာမလဲ ကြည့်ရတာပေါ့” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ (၁၅)ရက်နေ့မှာပဲ ဘောလုံးသမားဘဝကို အနားယူခဲ့ကြောင်း တရားဝင်ထုတ်ပြန်ခဲ့တဲ့ အဂွဲရိုးဟာ သူရဲ့ကလပ်အသင်းဟောင်း မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၅)ကြိမ်ထိ ပိုင်ဆိုင်ခဲ့ပြီး ၂၀၁၁-၂၀၁၂ ဘောလုံးရာသီမှာတော့ သူရဲ့ နောက်ကျအနိုင်ဂိုးက သူရဲ့ကစားသမားဘဝအတွက်ရော မန်စီးတီးအသင်းအတွက် တကယ့်ကို မမေ့နိုင်စရာ အမှတ်တရတစ်ခု ဖြစ်ခဲ့့ရပါတယ်။ အခုလို ဘောလုံးသမားဘဝကနေ အနားယူထားတဲ့ အဂွဲရိုးကို ရုပ်သံမှာ ဘောလုံးပွဲတွေ သုံးသပ်တင်ဆက်သူအဖြစ် ကမ်းလှမ်းထားကြသလို ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ထားတဲ့ အာဂျင်တီးနားအသင်းကလည်း ကစားသမားတွေနဲ့ နည်းပြတွေကြားမှာ ချိတ်ဆက်ဆောင်ရွှက်ပေးနိုင်တဲ့ အသင်းနည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် ဆောင်ရွှက်ပေးဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

Exit mobile version