နွေစျေးကွက်ရဲ့ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ စပါးအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီး အသင်းလက်မဲ့ Free Agent ကစားသမားတစ်ယောက် ဖြစ်သွားခဲ့ရတဲ့ ညာနောက်ခံကစားသမား ဆာဂျီအော်ရီယာဟာ အသင်းသစ်တစ်သင်းကို ရှာဖွေလျက်ရှိနေပြီး အသင်းဟောင်းစပါးရဲ့ ခါးသီးမြို့ခံပြိုင်ဘက်အသင်းဖြစ်တဲ့ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ စဉ်းစားလျက်ရှိနေတယ်လို့ Sky Sports ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football London

အသက်(၂၈)နှစ်အရွှယ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင် နောက်ခံအစွန်လူ အော်ရီယာဟာ Summer Transfer Daedline Day မှာပဲ စပါးအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီး အသင်းလက်မဲ့ ဖြစ်သွားခဲ့ရပြီး သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေ များစွာရှိနေပေမယ့် အင်္ဂလန်မှာသာ ဆက်လက်နေထိုင်လိုတာကြောင့် စပါးရဲ့ မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းကတော့ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာပဲ ညာနောက်ခံလူ ဘယ်လာရင်ကို ဘက်တစ်အသင်းဆီ အငှားချခဲ့ပြီး ဂျပန်နောက်ခံလူ တိုမီယာစုကို ပြန်လည်ခေါ်ယူခဲ့ပေမယ့် ညာခြမ်းမှာက စီဒရစ်နဲ့ ချမ်ဘာတို့သာ ရှိနေတာကြောင့် အော်ရီယာလို အတွေ့အကြုံမြင့် ညာခြမ်းခံစစ်ကစားသမားတစ်ဦးကို ခေါ်ယူဖို့ လိုအပ်နေပါတယ်။

Photo Credit : Sky Sports

စပါးနဲ့ အာဆင်နယ်အသင်းတို့ဟာ ခါးသီး လန်ဒန်မြို့ခံအသင်းတွေ ဖြစ်ပေမယ့်လည်း အသင်း(၂)သင်းရဲ့ကြားမှာတော့ ယခင်ကတည်းက အပြောင်းအရွှေ့တွေ ဖြစ်ခဲ့ဖူးပြီး အဒီဘာယော ဂါးလက်စ် ဆိုးကမ်းဘဲလ် အစရှိတဲ့ နာမည်ကျော် ကစားသမားတွေဟာ အာဆင်နယ်ကနေ စပါး စပါးကနေ အာဆင်နယ်အသင်းတွေကို အပြောင်းအရွှေ့ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အသုံးစရိတ်များစွာ အသုံးပြုထားပြီး ကစားသမားသစ် များစွာကို ခေါ်ယူထားခဲ့ပေမယ့် အသင်းရဲ့ ရလဒ်တွေက ဆိုးရွှားလွန်းနေတာကြောင့် အော်ရီယာလို ပရီးမီးယားလိဂ် အတွေ့အကြုံရှိ ကစားသမားမျိုးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားသင့်ပါတယ်။ လတ်တလောမှာတော့ ပီအက်စ်ဂျီနောက်ခံလူဟောင်း အော်ရီယာ ပြင်သစ် ရုရှားနဲ့ တူရကီအခြေစိုက် ကလပ်အသင်းတွေကနေ ခေါ်ယူသွားဖို့ အပြိုင်စိတ်ဝင်စားနေကြလျက် ရှိပါတယ်။