အသက်၁၇နှစ်အရွယ်သာ ရှိသေးတဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ စတီဗာနိုဗစ်ဟာ လက်ရှိအချိန်မှာ ဥရောပ အသင်းကြီးတွေ ဖြစ်တဲ့ မန်ယူအသင်း ၊ လီဗာပူးအသင်း ၊ ရီးရဲလ် မက်ဒရစ်အသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ ကင်းထောက်တွေ စေလွှတ်ပြီး စောင့်ကြည့်မှုကို ခံနေရတယ်လို့ Goal သတင်းဌာနက ဖော်ပြလာခဲ့ပါတယ်။ ဆားဘီးယားနိုင်ငံရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ ပါတီဇန်အသင်းမှာ ပုံမှန် ပွဲထွက်ကစားခွင့်ကို ရရှိထားတဲ့ အသက် ၁၇နှစ်အရွယ် ဖိလစ် စတီဗာနိုဗစ်ဟာ ပေါ်တူဂီ နာမည်ကြီး တိုက်စစ်မှူးဖြစ်တဲ့ စီရိုနယ်ဒိုနဲ့ နှိုင်းယှဉ် ချီးကျူးခြင်းကို ခံနေရသူ တစ်ဦး ဖြစ်ပြီး စီရိုနယ်ဒိုလက်သစ်လို့ ဆားဘီးယား သတင်းထောက်တွေက သုံးသပ် ချီးကျူးထားပါတယ်။

Photo Credit: HITC

ဖိလစ် စတီဗာနိုဗစ်ဟာ အသက်၁၇နှစ်အရွယ် သာ ရှိသေးပေမယ့် ပါတီဇန်အသင်းအတွက် ဆားဘီးယား ပြည်တွင်းလိဂ်ပွဲစဉ် ၂၅ပွဲ ပါဝင် ကစားပေးထားရာမှာ ၇ဂိုး သွင်းယူထားပေးပြီး ၃ဂိုး ဖန်တီးပေးထားနိုင်သူ ဖြစ်ကာ ဥရောပရဲ့ ဒုတိယမြောက် အကောင်းဆုံး ပြိုင်ပွဲ ဖြစ်တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ပါဝင် ကစားထားသူ တစ်ဦးပါ။ ဒါ့အပြင် ဖိလစ်ဟာ ယူရိုပါလိဂ်ပြိုင်ပွဲ ရဲ့ ခြေစစ်ပွဲအဆင့်မှာလည်း အသင်းအတွက် သွင်းဂိုး တစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါသေးတယ်။ လက်ရှိမှာတော့ စတီဗာနိုဗစ်ကို ခေါ်ယူဖို့ ကင်းထောက်တွေ စေလွှတ်ကာ စောင့်ကြည့်နေတဲ့ အသင်းတချို့ ရှိသလို ခေါ်ယူဖို့အထိ ကမ်းလှမ်းထားတဲ့ အသင်းတွေပါ ရှိတယ်လို့ ပါတီဇန် အသင်းရဲ့ နည်းပြဖြစ်သူ မီလိုဆီဗစ်က အတည် ပြု ထားခဲ့ပါတယ်။

Photo Credit: HITC

အသက်၁၇နှစ်အရွယ် စတီဗာနိုဗစ်ကို ခေါ်ယူဖို့ ကမ်းလှမ်းထားတဲ့ အသင်းတွေ ရှိကြောင်းကို မီလိုဆီဗစ်က ” လွန်ခဲ့တဲ့ ၆လတုန်းက ဖိလစ် စတီဗာနိုဗစ်ကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှု တစ်ခုကို ကျွန်တော်တို့ ရခဲ့ပါတယ်။ အဲ့ဒီ ကမ်းလှမ်းမှုရဲ့ တန်ကြေးဟာ ယူရို၁၀သန်းထက် ကျော်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ အဲ့ဒီ အပြောင်းအရွှေ့က နည်းနည်းလေး ရှုပ်ထွေးနေပါတယ်။ တကယ်လို့ အဲ့ဒီအသင်းကသာ ဖိလစ် ကို ကမ်းလှမ်းထားတဲ့ စျေးနဲ့ ခေါ်ယူနိုင်ခဲ့သလို ဖိလစ်ကလည်း သူ့ရဲ့ ပုံမှန်ခြေစွမ်းကို ထိန်းသိမ်း ထားနိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့ ခြေစွမ်းနဲ့ တန်ကြေး ဟာ ထိုက်တန်ကြောင်းကို လူတွေ သိလာပါလိမ့် မယ် ” လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတွေဖြစ်တဲ့ မန်ယူအသင်းနဲ့ လီဗာပူး အသင်း ၊ စီးရီးအေ အင်အားကြီးအသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းနဲ့ လာလီဂါ အင်အားကြီး အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့က ဖိလစ် စတီဗာနိုဗစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ဘယ်အသင်းက ဖိလစ်ကို ခေါ်ယူသွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။