လီဗာပူးလ်အသင်းရဲ့တိုက်စစ်မှာ အတွဲညီညီနဲ့ တွဲဖက်ကစားပြီး အသင်းအတွက် ခြေစွမ်းပြနေကြတဲ့ မိုဟာမက်ဆာလာနဲ့ ဆာဒီယိုမာနေးတို့နှစ်ဦးဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲနဲ့ ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီး ဝင်ခွင့်အတွက် တိုက်တိုက်ဆိုင်ဆိုင် နှစ်ကြိမ်စလုံး ထိပ်တိုက်ရင်ဆိုင်ခဲ့ရသလို အဲ့ဒီနှစ်ကြိမ်လုံးမှာလည်း ဆာဒီယိုမာနေးက သူရဲ့လီဗာပူးလ်အသင်းဖော် မိုဆာလာကို အသာစီး ရယူခဲ့ပြီး အာဖရိကဖလားရော ကမ္ဘာ့ဖလားဝင်ခွင့်ကိုပါ ပိုင်ဆိုင်သွားခဲ့ရပါတယ်။

Photo Credit : The Mirror

မာနေးရဲ့ဆီနီဂေါအသင်းနဲ့ ဆာလာရဲ့အီဂျစ်အသင်းတို့ဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့နောက်ဆုံးဖိုင်နယ်အဆင့်မှာ ထိပ်တိုက်တွေ့ဆုံခဲ့စဉ် ဒီပြိုင်ပွဲမှ တစ်ကြိမ်မှ ဗိုလ်မစွဲဖူးသေးတဲ့ ဆီနီဂေါက ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်း အီဂျစ်ကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ယူပြီး မာနေးက ဆာလာထက် အသာရသွားခဲ့လို့ ကာတာနိုင်ငံမှာ ကျင်းပသွားမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ ဝင်ခွင့်တစ်နေရာအတွက် နောက်ဆုံးအဆင့် ခြေစစ်ပွဲကို နှစ်ကျော့ယှဉ်ပြိုင်ခဲ့စေရမှာတော့ အီဂျစ်မြေမှာ အီဂျစ်နိုင် ဆီနီဂေါမြေမှာ ဆီနီဂေါနိုင် ဂိုးရလဒ်ချငး်ပါ တူညီနေလို့ ပင်နယ်တီ အဆုံးအဖြတ် ထပ်မံခံယူခဲ့ရာမှာ အာဖရိကဖလားပွဲတုန်းက ပင်နယ်တီကန်ခွင့်ပါ မရခဲ့တဲ့ ဆာလာက ဒီတစ်ကြိမ်မှာ ပင်နယ်တီကန်ခွင့် ရခဲ့ပေမယ့် ပင်နယ်တီမဝင်ခဲ့ပဲ နောက်ဆုံး အဆုံးအဖြတ်ဖြစ်မယ့် ပင်နယ်တီကိုတော့ မာနေး ကန်သွင်းနိုင်ခဲ့ပြီး ဆီနီဂေါကို ကမ္ဘာ့ဖလားဝင်ခွင့်ပါ ရရှိစေခဲ့ပါတယ်။

Photo Credit : The Indian Express

အခုလို ကလပ်အသင်းဖော် ဆာလာကို နိုင်ငံလက်ရွေးစင်အသင်းနဲ့ နှစ်ကြိမ်ဆုံတွေ့ ရင်ဆိုင်ခဲ့ရာမှာ နှစ်ကြိမ်စလုံး အသာစီး ရယူနိုင်ခဲ့တဲ့ မာနေးက “ကျွန်တော် နှစ်ကြိမ်အနိုင်ရပြီး သူက နှစ်ကြိမ် ရှုံးနိမ့်ခဲ့ရပါတယ်။ ကျွန်တော် သူ့ထက် ပိုကံကောင်းပြီးတော့ ထိပ်ဆုံးနေရာကနေ အောင်ပွဲခံခဲ့ရတာပါ။ အာဖရိကနိုင်ငံများဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးတော့ အခုလည်း ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ပါ ခြေစစ်ပွဲ အောင်မြင်သွားခဲ့ရတဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်။ ဒါတွေက ကျွန်တော် မက်ခဲ့တဲ့ အိမ်မက်တွေပါပဲ။ နှစ်သင်းလုံးအတွက်ကတော့ ခက်ခဲတဲ့ ပွဲစဉ်ဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေက ကျွန်တော်တို့ကို အနိုင်ရဖို့ တွန်းအားပေးခဲ့ပြီင်္း ကျွန်တော်တို့ကလည်း တိုက်ပွဲဝင်နေမှုကို လုံးဝမရပ်တန့်ခဲ့ပါဘူး။ ပွဲက မလွယ်ကူဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဂိုးသွင်းနိုင်ဖို့ကိုပဲ ဖိအားပေးခဲ့ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ အခုဆိုရင် မာနေးရဲ့ဆီနီဂေါအသင်းဟာ ဂါနာ ကင်မရွန်း တူနီးရှား မော်ရိုကိုအသင်းတွေနဲ့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဝင်ရောက်ဆင်နွဲရတော့မှာပဲ ဖြစ်ပါတယ်။