မနေ့ညက ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကနေ ပါဝင်ကစားခဲ့တဲ့ ကွင်းလယ်လူချာကာဟာ ဒုတိယပိုင်း ပွဲကစားချိန်အတွင်းမှာပဲ ဘန်လေကစားသမား အက်ရှ်လေဝက်စ်ဝုဒ်ရဲ့လည်ပင်းကို ညစ်မိခဲ့တဲ့အထိ စိတ်လိုက်မာန်ပါ လုပ်ဆောင်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်ကနေ သူ့ကို တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခဲ့သလို ကစားသမားတစ်ယောက်လျော့သွားခဲ့တဲ့ အာဆင်နယ်အသင်းမှာလည်း အိမ်ကွင်းမှာပဲ ဘန်လေကို တစ်ဂိုးတည်းနဲ့ ကပ်အရေးနိမ့်ခဲ့ရပါတယ်။

Photo Credit : Twitter

ကစားသမား(၁၁)ယောက်အပြည့်နဲ့ ယှဉ်ပြိုင်နေရစဉ်တုန်းက ဘန်လေကို ဖိအားပေးထားနိုင်ခဲ့တဲ့ အာဆင်နယ်ဟာ ချာကာထုတ်ပယ်ခံရပြီးနောက်မှာတော့ ကစားအားကို လျော့ကျခဲ့ရပြီး (၇၃)မိနစ်မှာပါ တိုက်စစ်မှူးအူဘာမီယန်းက ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့တာကြောင့် အိမ်ကွင်း(၄)ပွဲဆက် အရှုံးနဲ့ပါ ရင်ဆိုင်လိုက်ရပါတယ်။ ထုတ်ပယ်ခံလိုက်ရတဲ့ ဆွတ်ဇာလန်လက်ရွေးစင် ကွင်းလယ်ကစားသမားချာကာဟာလည်း အာဆင်နယ်ကို ရောက်လာကတည်းက ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အဝါကတ်(၃၇)ကတ်နဲ့ အနီကတ်(၃)ကတ်ထိ ပြသခံထားရသူဖြစ်ပြီး ကစားပုံကြမ်းတမ်းသူတစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။

Photo Credit : Sky Sports

ဒီလို အခြေအနေတွေနဲ့ ကြုံတွေ့နေရချိန်မှာ အီမန်နူရယ်ဖရင်ပေါင်ဆိုတဲ့ အာဆင်နယ်ကစားသမားဟောင်းက သူရဲ့တွစ်တာကနေပြီး “ချာကာကို ရောင်းချလိုက်ပြီး ကျွန်တော့်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပါ” လို့ ရေးသားလာခဲ့ပါတယ်။ အသက်(၂၈)နှစ်အရွှယ်ရှိ ဂါနာကွင်းလယ်ကစားသမား ဖရင်ပေါင်ဟာ သူ့အသက်(၉)နှစ်အရွှယ်ကတည်းက အာဆင်နယ်အသင်းမှာ ပါဝင်ခဲ့သူဖြစ်ပြီး အသင်းနဲ့ (၁၃)နှစ်အထိ ဖြတ်သန်းခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ခြေစွမ်းပိုင်းသာမာန်လောက်ပဲ ပြသနိုင်ခဲ့တဲ့ ဖရင်ပေါင်ဟာ အာဆင်နယ်စီနီယာအသင်းအတွက် ပွဲပေါင်း(၁၀)ပွဲပြည့်တဲ့အထိတောင် ပါဝင်ကစားခဲ့ရခြင်းမရှိပဲ ၂၀၁၄ခုနှစ်မှာပဲ ဘန်စလေကို ပြောင်းရွှေ့ခဲ့ပါတယ်။ လက်ရှိမှာ အသင်းလက်မဲ့ဖြစ်လို့နေတဲ့ ဖရင်ပေါင်ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကတည်းက သူရဲ့တွစ်တာပေါ်ကနေ အသင်းဟောင်းအာဆင်နယ်နဲ့ ပတ်သက်ဆက်နွယ်တဲ့ အကြောင်းကိစ္စတွေကို အမြဲရေးသားနေသူဖြစ်ပြီး အခုလည်း အာဆင်နယ်အနေနဲ့ အခုဖြစ်ပျက်နေတဲ့ ကိစ္စတွေကို ချက်ချင်းအပြောင်းအလဲလုပ်လိုက်သင့်ပြီး အာဆင်နယ်ပရိသတ်တွေအနေနဲ့ကလည်း အခုလို အခြေအနေဆိုးတွေနဲ့ ထိုက်တန်မှုမရှိဘူးလို့ ရေးသားဖော်ပြသွားခဲ့ပါတယ်။