မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ မိုက်ကယ် ကာရစ်ဟာ သီးသန့် ခွဲနေလိုက်ရတာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ အသင်းအတွင်းမှာ ကိုဗစ်ရောဂါပိုး ပျံ့နှံ့မှာကို စိုးရိမ်နေကြပါတယ်။ မန်ယူအသင်းရဲ့နည်းပြ ဖြစ်သူ အိုလီဂန်းနား ဆိုးလ်ရှား ရဲ့ နည်းပြအဖွဲ့ထဲမှာ အဓိက အရေးပါတဲ့ လူတစ်ဦးဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်လက်ရွေးစင် အသင်းတို့ရဲ့ ကြယ်ပွင့်ကစားသမားဟောင်း ဖြစ်သူ မိုက်ကယ် ကာရစ်ဟာ ကျန်းမာရေး စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ ခရစ္စမတ်နေ့က စတင်ပြီးတော့ အသင်းနဲ့ ထိတွေ့ဆက်ဆံခွင့်မရပဲ သီးသန့်ခွဲနေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit: Mirror

မိုက်ကယ် ကာရစ် အနေနဲ့ မန်ယူအသင်းက ဝုဗ်လ် နဲ့ အက်စတွန်ဗီလာ တို့ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်တွေမှာ မပါဝင် ခဲ့ရတဲ့ အကြောင်းအရင်းကလည်း ကိုဗစ်ပိုး ကူးစက်ခံထားရတဲ့ မိသားစုဝင် နဲ့ ထိတွေ့မိခဲ့တာကြောင့် ဖြစ်နိုင်တယ်လို့ ယုံကြည်ရပါတယ်။ ကာရစ် အနေနဲ့ ကတော့ မိမိကိုယ်ကို ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတယ်ဆိုတာကို မယုံကြည်တာကြောင့် မန်ချက်စတာစီးတီး အသင်းနဲ့ ကစားတဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာ အသင်းဆီကို ပြန်လာခဲ့ပါတယ်။ ယူနိုက်တက် အသင်းရဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးကတော့ “ မိုက်ကယ်က ကျွန်တော်တို့နဲ့ အတူအချိန်တစ်ခုကြာအောင် မရှိခဲ့ပါဘူး၊ ဒါပေမယ့် သူအခု အသင်းမှာ ပြန်ရောက်နေပါပြီ ” လို့ အတည်ပြု ပြောဆိုထားခဲ့ပါတယ်။

Photo Credit: Mirror

ယူနိုက်တက် အသင်းအနေနဲ့ လေ့ကျင့်ရေးကွင်းကို တင်းကြပ်စွာ စီမံထားပေမယ့်လည်း ရောဂါပိုးတွေ့ရှိတဲ့ ကိစ္စလေးတွေ ရှိခဲ့တာကြောင့် မန်ယူအသင်းနဲ့ ကစားထားတဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် အသင်းတွေ ဖြစ်ကြတဲ့ မန်စီးတီး၊ အက်စတွန်ဗီလာ နဲ့ နယူးကာဆယ် စတဲ့ အသင်းတွေ အနေနဲ့ ကိုဗစ်ပိုး ပျံ့နှံ့မှုကို တားဆီးကာကွယ်ဖို့ အတွက် အသင်းလေ့ကျင့်ရေးကွင်းတွေကို ပိတ်ခဲ့ရပါတယ်။ AON လေ့ကျင့်ရေးကွင်း အတွင်းမှာလည်း အသင်းရဲ့ ဝန်ထမ်းတွေကို အကန့်အသတ်နဲ့သာ ခွင့်ပြုပေးထားခဲ့ပြီးတော့ ထိထိရောက်ရောက် ပိုးသတ်မှုတွေကိုလည်း မကြာခဏ ဆိုသလို လုပ်ဆောင် နေကြပါတယ်။ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ အခုချိန်ထိတိုင်အောင် အသင်းမှာ ကိုဗစ်ပိုးတွေ့ရှိသူ တစ်ဦးတည်းရှိအောင် ကိုင်တွယ်ထားနိုင်ပါတယ်။ အဆိုပါ ကစားသမားကတော့ ဥရုဂွေးလူငယ်တောင်ပံကစားသမား ပယ်လီစထရီ ပဲ ဖြစ်ပါတယ်။ ဆိုးလ်ရှားကတော့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး “ ကျွန်တော်ကတော့ အသင်းမှာ လုံခြုံမှုရှိတယ်လို့ ခံစားရပါတယ်။ လိုက်နာရမယ့် ကျန်းမာရေးစည်းကမ်းတွေနဲ့ လမ်းညွှန်ချက်တွေ အကုန်လုံးကိုလည်း ကျွန်တော်တို့ လိုက်နာကြပါတယ်၊ ကစားသမားတွေ အနေနဲ့လည်း သူတို့ တတ်နိုင်သလောက် လိုက်နာကြပါတယ်။ တစ်ခြားအသင်းမှာ ဖြစ်နေတာတွေနဲ့ ပတ်ဝန်းကျင်မှာ ဖြစ်နေတာ‌တွေက ကြောက်ဖို့ကောင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ အသင်းမှာပဲ ကောင်းကောင်းနေဖို့ တာဝန်ရှိပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။