ဘောလုံးလောကရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး ဖြစ်တဲ့ ဂန္တဝင် ကွင်းလယ်လူကြီး ဆီးဒေါ့ဖ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘာစီလိုနာ ၃-၃ အင်တာမီလန် ပွဲစဉ်အပြီးမှာ ဘာစီလိုနာ နည်းပြချုပ် ဖြစ်သူ ဇာဗီအနေနဲ့ ရလဒ်ဆိုးတွေ ကြုံတွေ့ရင် ဒိုင်လူကြီးတွေကို အပြစ်တင်မယ့် အစား ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကို လေးစား လိုက်နာရန် လိုအပ်ကြောင်း ဝေဖန်သွားခဲ့ပါတယ်။

စပိန်မြေမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘာစီလိုနာနဲ့ အင်တာမီလန်တို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင် ဘာစီလိုနာက အင်တာမီလန်ကို ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူကာ ကစားနိုင်ခဲ့သလို အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပေမယ့် ခံစစ်မှူးတွေရဲ့ အမှားတွေကြောင့် ပေးဂိုးတွေ လွယ်လွယ်ကူကူနဲ့ ခွင့်ပြုခဲ့ရပြီး မရှုံးနိမ့်ဖို့ကိုတောင် နောက်ဆုံးအချိန် အထိ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit: Sports Net

အဆိုပါပွဲစဉ်မှာ ဘာစီလိုနာက ဒမ်ဘီလီရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ အင်တာမီလန်ရဲ့ တန်ပြန်တိုက်စစ်ကို ထိန်းချုပ် ကစားနိုင်စွမ်း မရှိတာကြောင့် ပေးဂိုးတွေ ဒလဟော ခွင့်ပြုပေးခဲ့ရပြီး အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးရဲ့ နောက်ကျ ချေပဂိုး ၂ဂိုးကြောင့်သာ အိမ်ကွင်းမှာ မရှုံးခဲ့ရတာပါ။

ဘာစီလိုနာက အင်တာမီလန်ကို မရှုံးနိမ့်ခဲ့ပေမယ့် သရေရလဒ်သာ ရအောင် ကစားနိုင်ခဲ့တာကြောင့် အုပ်စုပွဲ ၂ပွဲသာ ကစားဖို့ ကျန်တော့ချိန်မှာ အုပ်စု ဒုတိယ အင်တာမီလန်နဲ့ ရမှတ် ၃မှတ် အထိ ကွာဟနေသလို ထိပ်တိုက် တွေ့ဆုံမှု အရလည်း အသာစီး မရခဲ့တာကြောင့် အုပ်စုအဆင့် ကနေ ချန်ပီယံလိဂ်ပြိုင်ပွဲကို လက်ပြ နှုတ်ဆက်ရဖို့ နီးစပ်နေပါပြီ။

Photo Credit: Sports Net

ဒါကြောင့်ပဲ ဘာစီလိုနာရဲ့ တာဝန်ရှိသူ တချို့က ပွဲအပြီးမှာ သူတို့အသင်း အခုလိုမျိုး ရလဒ်ဆိုးခဲ့ရတာဟာ အချိန်ဆွဲနေတဲ့ အင်တာမီလန် ကစားသမားတွေကို အပြစ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့ ကွင်းလယ်ဒိုင်ကြောင့်လို့ အပြစ်တင်ခဲ့ကြပြီး ဂန္တဝင် ကွင်းလယ်လူကြီး ဆီးဒေါ့ဖ်ကတော့ ဘာစီလိုနာနဲ့ နည်းပြ ဇာဗီတို့ရဲ့ ရလဒ်ဆိုးတိုင်း ကွင်းလယ်ဒိုင်တွေ အပေါ် အပြစ်တင်မှုတွေ လုပ်မယ့် အစား ဒိုင်တွေကို လေးစားမှု ပေးသင့်ကြောင်း ပြောကြားသွားပါတယ်။

ဆီးဒေါ့ဖ်က – “ဘာစီလိုနာက ကွင်းလယ်ဒိုင်ကို ဝေဖန်နေပြန်ပြီလား။ ဒီလူတွေက အမြဲတမ်း ဒိုင်လူကြီးတွေကို ဖိအားပေးတတ်တဲ့ အကျင့်စရိုက် ရှိကြပါတယ်။ ဇာဗီက ကွင်းလယ်ဒိုင်တွေကို လေးစားမှု ရှိသင့်ပါတယ်။ ဇာဗီဟာ ကစားသမား ဘဝထဲက ကွင်းလယ်ဒိုင်တွေကို ဖိအားပေးတတ်တဲ့ ကစားသမားမျိုးပါ။ ဒီအကျင့်ကို သူ ပြင်သင့်ပါပြီ” လို့ ဘာစီလိုနာနဲ့ ဇာဗီကို ဝေဖန်သွားခဲ့တာပါ။