ချယ်လ်ဆီးနဲ့ လိုင်လီအသင်းတွေမှာ တောက်ပခဲ့ပြီးမှ ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့ချိန်မှာ ခြေစွမ်းပိုင်းတွေ သိသိသာသာ ကျဆင်းသွားခဲ့ရတဲ့ အီဒင်ဟာဇက်ကို သူရဲ့မွေးရပ်မြေ ဘယ်လ်ဂျီယံနိုင်ငံက ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ KVC ဝက်စတာလိုအသင်းကနေ ခေါ်ယူသွားဖို့အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတယ်လို့ သတင်းထွက်လာခဲ့ပြီး ဝက်စတာလိုအသင်းရဲ့ အားကစားဒါရိုက်တာ ကိုယ်တိုင်ကလည်း ဟာဇက်နဲ့ ရင်းနှီးသူဖြစ်လို့ ဟာဇက်ကို သူတို့အသင်းဆီ ခေါ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Photo Credit : Football Espana

KVC ဝက်စတာလိုအသင်းဟာ ဘယ်လ်ဂျီယံ ဒုတိယတန်း ကလပ်အသင်း တစ်သင်းဖြစ်ပေမယ့်လည်း ဒုတိယတန်းလိဂ်ရဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အသင်းဖြစ်တာကြောင့် ဘယ်လ်ဂျီယံ ထိပ်တန်းလိဂ်ကို တန်းတတ်လာဖို့ သေချာနေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေ ရှိနေတဲ့ ဝက်စတာလိုအသင်းဟာ ရီးယဲလ်အသင်းမှာ ရုန်းကန်နေရတဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်ကစားသမား အီဒင်ဟာဇက်ကို သူတို့အသင်းဆီ ခေါ်ဆောင်သွားဖို့ ဆန္ဒပြင်းပြနေပြီး အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူကပါ ဟာဇက်နဲ့ ရင်းနှီးကျွမ်းဝင်သူတွေ ဖြစ်နေတာကြော်င့် ဒီအပြောင်းအရွှေ့က အံ့အားသင့်စဖွယ် ပေါ်ပေါက်လာရဖွယ် ရှိနေပါတယ်။

Photo Credit : RPP

ဟာဇက်ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဝက်စတာလိုအသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူက “ကျွန်တော် အီဒင်ဟာဇက်ကို လိုင်လီအသင်းမှာ ရှိစဉ်တုန်းက ပထမဆုံး ဆုံတွေ့ခဲ့ဖူးတာဖြစ်လို့ ဟာဇက်ကို ကျွန်တော်ရဲ့ သူငယ်ချင်းမိတ်ဆွေတစ်ဦးလို့ ယူဆလို့ ရနိုင်မယ် ထင်ပါတယ်။ အဲ့ဒီတုန်းကတော့ သူက တစ်နေ့ကျရင် ဖီနာဘာချီအသင်းအတွက် လာရောက်ကစားပေးမယ်လို့ ကတိပေးခဲ့ပါသေးတယ်။ ဟာဇက်လို ကစားသမားမျိုးကို ဖီနာဘာချီအတွက် ခေါ်ယူဖို့က ခက်ခဲနိုင်သလို ဝက်စတာလိုအတွက်ဆိုရင်လည်း ပိုလို့တောင် ခက်ခဲနိုင်ပါဦးမယ်။ ဒါပေမယ့် ခင်ဗျားတို့လည်း ဘယ်လိုမှ သိနိုင်မှာ မဟုတ်ဘူးလေ။ ဟာဇက်က ဒီအသင်းကို ရောက်ရှိလာပြီးတော့ ဒီအသင်းမှာပဲ သူရဲ့ကစားသမားဘဝကို အဆုံးသတ်သွားနိုင်တာပဲ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ အသက်(၃၀)အရွှယ်ရှိ တိုက်စစ်ကစားသမား ဟာဇက်ဟာ လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်ကမှ ချယ်လ်ဆီးအသင်းကနေ ရီးယဲလ်ကို ယူရို(၁၄၆)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူရဲ့ ဒဏ်ရာပြသာနာတွေကြောင့် ခြေစွမ်းပြဖို့ရော ပွဲထွက်ခွင့်ရဖို့ကိုပါ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဟာဇက်က ဒီနှစ်ဘောလုံးရာသီ နည်းပြအန်စလော့တီရဲ့လက်အောက်မှာ ပြိုင်ပွဲစုံ(၁၁)ပွဲ ပါဝင်ကစားထားရပြီး ဂိုးသွင်းယူထားခြင်း မရှိပဲ ဂိုးဖန်တီးမှုတစ်ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။