ပရီးမီးယားလိဂ် ကလပ်အသင်း တသင်း ဖြစ်တဲ့ ဘန်လေအသင်းရဲ့ နည်းပြဖြစ်သူ ရှောင်ဒိုက် ကတော့ ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၅) အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဆင်နယ်နဲ့ပွဲစဉ်မှာ သူတို့အသင်းက ရသင့်တဲ့ ပင်နယ်တီ တခုကို VARအဖွဲ့က မပေးခဲ့လို့ ဒေါသထွက်ရကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဘန်လေအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၅) အဖြစ် အာဆင်နယ်အသင်းကို အိမ်ကွင်း တက်မော့စ်မှာ ဧည့်ခံ ကစားခဲ့ရတာ ဖြစ်ပြီး အဆိုပါပွဲစဉ်မှာတော့ အာဆင်နယ်အသင်းဟာ အသင်းရဲ့ လူငယ် ကွင်းလယ်တိုက်စစ် ကစားသမား အိုဒီဂတ်ရဲ့ လှပတဲ့ ဖရီးကစ်သွင်းဂိုးနဲ့အတူ အနိုင် ၃မှတ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Photo Credit: Euro Sports

အဆိုပါပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်ဟာ များစွာ ကွာခြားလှခြင်း မရှိခဲ့ပဲ အာဆင်နယ်အသင်းဟာ တဦးချင်း အရည်အသွေး ကွာခြားမှုကို အသုံးချကာ ဘန်လေအသင်းကို အနိုင်ယူခဲ့တာ ဖြစ်ပြီး ဘန်လေအသင်း ကတော့ ရသင့်တဲ့ ပင်နယ်တီ တလုံး မရခဲ့တာကြောင့် ရမှတ်တမှတ်တောင် စုဆောင်းနိုင်ခဲ့ခြင်း မရှိပဲ ရမှတ်ဗလာနဲ့သာ ကျန်ခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ ဘန်လေနည်းပြ ရှောင်ဒိုက်က အာဆင်နယ်အသင်း ဂိုးသမား ရမ်စဒဲလ်ရဲ့ သူတို့အသင်း တိုက်စစ်မှူး ဗိုင်ဒရာအပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့မှုကို ပင်နယ်တီ အဖြစ် သတ်မှတ်ပေးသင့်ကြောင်းနဲ့ သူတို့ဟာ အဆိုပါ အခြေအနေမျိုးနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ တွေ့ကြုံခဲ့ရကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ လိဒ်ယူနိုက်တက်အသင်းက ပင်နယ်တီ ရရှိခဲ့တယ်လို့ ထောက်ပြ ဝေဖန်သွားခဲ့ပါတယ်။

Photo Credit: Euro Sports

အာဆင်နယ်အသင်းရဲ့ ဂိုးသမား ရမ်စဒဲလ်ဟာ ပွဲကစားချိန် ၆၉မိနစ်မှာ အသင်းဖော် နောက်ခံလူ ဘန်ဝှိုက်ရဲ့ မသေသပ်တဲ့ ပေးပို့မှုကို ရှင်းထုတ်ဖို့ ကြိုးစားရင်း ဘန်လေ တိုက်စစ်မှူး ဗိုင်ဒရာကို ခြေထောက်နဲ့ ချိတ်လှဲခဲ့သလို ဖြစ်ခဲ့တာ ဖြစ်ပေမယ့် ရမ်စဒဲလ်ရဲ့ ဖြတ်ထုတ်မှုဟာ ဘောလုံးကို ထိမှန်ခဲ့တာကြောင့် VARအဖွဲ့က ဘန်လေအသင်းကို ပင်နယ်တီပေးမယ့် ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်ခဲ့တာပါ။

ပင်နယ်တီ မပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ VARအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ရှောင်ဒိုက်က – “ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ကျွန်တော်တို့အသင်းရဲ့ ပင်နယ်တီ ရရှိမှုနှုန်းက အရမ်းကို နည်းပါးပါတယ်။ ကျွန်တော် ကတော့ သီအိုရီအရ ဂိုးသမား တဦးက တခြား ပြိုင်ဘက်ကစားသမားကို ထိခိုက်မိသွားရင် ပင်နယ်တီလို့ ယူဆထားပြီး ဒီညမှာတော့ သူတို့က ဒါကို ပင်နယ်တီလို့ မမြင်ပါဘူး။ ဒါက အတော်လေးကို သိသာ ထင်ရှားတဲ့ အမှားတခုပါ။ ကျွန်တော်က အတော်လေး စိတ်ရှုပ်မိပါတယ်။ ဘောလုံးလောကရဲ့ စည်းမျဉ်းတွေက နှစ်တိုင်းကို ပြောင်းလဲ နေတာပါပဲ။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆိုရင် ဒီအခြေအနေက လုံးဝ ပင်နယ်တီပါ။ အခုကျတော့ ပင်နယ်တီ မဟုတ်ပြန်ဘူးတဲ့။ ကွင်းလယ်ဒိုင် ကတော့ ဒါဟာ ပင်နယ်တီ ဆိုတာကို ရှင်းရှင်းလင်းလင်း တွေးခဲ့ပုံ ရပါတယ်” လို့ ဝေဖန်သွားခဲ့ပါတယ်။