ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်နဲ့ အင်္ဂလန်ရဲ့ ဂန္တဝင် ဂိုးသမား တဦး ဖြစ်သူ ဒေးဗစ် ဆီးမန်းကတော့ သူ့အသင်းဟောင်း အာဆင်နယ်ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ချာကာဟာ ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် စပါးနဲ့ လန်ဒန်ဒါဘီပွဲမှာ သွေးမဆူပဲ ခေါင်းအေးအေးထားကာ ကစားဖို့ သတိပေးစကား ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၀အရွယ် ဆွစ်ဇာလန် လက်ရွေးစင် ကွင်းလယ်ဗိုလ်ချုပ် ဂရာနစ် ချာကာက လက်ရှိ အာဆင်နယ်မှာ အတွေ့အကြုံ အများဆုံး ကစားသမား ဖြစ်သလို ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ်ရဲ့ ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်းထားနိုင်သူပါ။

Photo Credit: Standard

ဂရာနစ် ချာကာက ခြေစွမ်းအရရော အတွေ့အကြုံအရပါ လက်ရှိမှာ အာဆင်နယ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူ ဖြစ်နေတာကြောင့် သူ ပါဝင် ကစားတဲ့ ပွဲတိုင်းမှာ အာဆင်နယ်က ကစားပုံအသာစီးနဲ့ ကစားနိုင်ပြီး ဘောလုံးရေးရာ ကျွမ်းကျင်သူတွေကတော့ ချာကာဟာ အာဆင်နယ်ရဲ့ အင်ဂျင် ဖြစ်တာကြောင့် ချာကာသာ ဒဏ်ရာရသွားတာဖြစ်ဖြစ် ၊ ပွဲပယ်ခံရတာပဲဖြစ်ဖြစ် ဖြစ်သွားခဲ့ရင် အာဆင်နယ်ရဲ့ ကစားပုံဟာ ယိမ်းယိုင်သွားနိုင်ကြောင်း သုံးသပ်နေကြပါတယ်။

အာဆင်နယ်ရဲ့ ဂန္တဝင် ဂိုးသမား တဦး ဖြစ်သူ ဒေးဗစ် ဆီးမန်းကလည်း ချာကာဟာ အာဆင်နယ်ရဲ့ မရှိမဖြစ် ကစားသမား တဦး ဖြစ်ကြောင်းကို လက်ခံထားပေမယ့် ဆီးမန်းက ချာကာဟာ သူ့ရဲ့ သွေးဆူလွယ်တဲ့ အကျင့်ကို ဖျောက်ဖျက်ဖို့ လိုအပ်ကြောင်းနဲ့ ယနေ့ညမှာ ကစားမယ့် စပါးနဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ သွေးဆူနိုင်တဲ့ အဖြစ်အပျက်တွေ ဖြစ်လာနိုင်ကြောင့် ချာကာဟာ အလွယ်တကူ ဒေါသမထွက်ပဲနဲ့ ခေါင်းအေးအေးထားရန် လိုအပ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Standard

ဒေးဗစ် ဆီးမန်းက – “ကျွန်တော်ကတော့ စပါးရဲ့ ကွင်းလယ်လူ နှစ်ယောက်ကို (ဟွိုက်ဗက်ချ်နဲ့ ဘန်တန်ကာ) မြင်ပြီးတဲ့နောက်မှာ ချာကာအနေနဲ့ ဒီပွဲမှာ အတော်လေးကို ခေါင်းသုံးပြီး ကစားရမယ်လို့ ထင်ပါတယ်။ ချာကာက ခေါင်းအေးအေး ထားရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီပွဲက ဒါဘီပွဲ ဖြစ်တာကြောင့် သွေးဆူလွယ်သလို သူ ရင်ဆိုင်ရမယ့် ကစားသမားတွေဟာ ပြိုင်ဘက်ကို ဆွကစားတတ်တဲ့ ကစားသမားတွေပါ။ ဒါကြောင့် ချာကာသာ ခေါင်းအေးအေး မထားနိုင်ရင် သူက ပြဿနာ တက်သွားပါလိမ့်မယ်” ဆိုပြီး သတိပေးစကား ပြောကြားသွားခဲ့တာပါ။