မန်ယူအသင်း ဘယ်နောက်ခံ ကစားသမား လုရှော့ခ်ကတော့ လက်ရှိရာသီ ဘောလုံး ပြိုင်ပွဲကို ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပြီးအောင် မကစားနိုင်ဘူး ဆိုရင် လက်ရှိရာသီ ဘောလုံးပြိုင်ပွဲ အားလုံးကို ဖျက်သိမ်းသင့်ပြီ ဖြစ်ပါတယ်လို့ အခိုင်အမာ ပြောကြားသွားလိုက်တာ ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံက ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပြီးခဲ့တဲ့ မတ်လမှာ စတင် ရပ်နားခဲ့ပြီး လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ်ကို ဘယ်အချိန်မှာ ပြန်လည် ကစားနိုင်မလဲ ဆိုတာ မသိရသေးဘဲ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ဖျက်သိမ်းနိုင်တဲ့ အဆင့် ရောက်နိုင်ပါတယ်။

 

Photo Credit: Dailymail

နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကို မရပ်နားခင်မှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) ပွဲ ကစားပြီးသွားခဲ့တဲ့ အချိန်မှာ ချန်ပီယံလိဂ် ဝင်လုနီးပါး ဖြစ်ပြီး အမှတ်ပေး ဇယား အဆင့် (၅) နေရာမှာ ရပ်တည်နေပါတယ်။ တကယ်လို့ လက်ရှိရာသီကို ဖျက်သိမ်းမယ် ဆိုရင် လီဗာပူးလ်အသင်းဟာ နှစ် (၃၀) ကြာအထိ စောင့်စားခဲ့ရတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို မရနိုင်တော့မှာပဲ ဖြစ်ပြီး မန်ယူ ဘယ်နောက်ခံလူ လုရှော့ခ်ကတော့ လက်ရှိရာသီကို ဖျက်သိမ်းသင့်ပါတယ်လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Dailymail

်မန်ယူ နောက်ခံလူ လုရှော့ခ်ကတော့ “ရာသီကို ဖျက်သိမ်းပြီး အသစ်ကနေ ပြန်စတင်ရပါမယ်။ ဟုတ်ပါတယ်။ အစကနေ ပြန်စတင်ရပါမယ်။ ဒီလို ဖြစ်လာမယ်ဆိုတာကိုလည်း သိကြတာပဲ။ တကယ်လို့ လက်ရှိရာသီကို ပြီးအောင် မကစားနိုင်ရင် ဖျက်သိမ်းသင့်ပါတယ်။ ပရိသတ်တွေက အလွန် အရေးကြီးပါတယ်။ အခုအချိန်မှာ ပိုပြီးတောင်မှ အရေးကြီးပါတယ်။ ဘောလုံးပြိုင်ပွဲက ပရိသတ်တွေအတွက်ပါ။ ကျွန်တော် ပြောချင်တာ နားလည်ကြမယ်လို့ ထင်တယ်။ တကယ်လို့ ကိုယ့်မှာ ပရိသတ်တွေ မရှိဘူး ဆိုရင် ဘယ်သူတွေအတွက် ကစားမှာလဲ။ ခံစားချက်ကလည်း ကောင်းမှာ မဟုတ်ဘူး။ အထူးသဖြင့် ပွဲရှိတဲ့ နေ့တွေ ဆိုရင် ပရိသတ်တွေက အံ့အားသင့်စရာ ဖြစ်ပြီး အသင်းကို ကူညီကြပါတယ်။ ပရိသတ်တွေက မယုံနိုင်စရာပါ”လို့ ပြောသွားခဲ့ပါတယ်။