မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီးတော့ ၂၀၁၇ခုနှစ် မတ်လမှာပဲ ယူနိုက်တက်စီနီယာအသင်းအတွက် စတင်ပွဲထွက်ခွင့်ရခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ ယူနိုက်တက်ရဲ့ အမာခံကွင်းလယ်ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံလာရတဲ့ စကော့တလန် ကွင်းလယ်ကစားသမား စကော့မတ်စ်တွမ်မီနေးဟာ အခုဆိုရင် ယူနိုက်တက်အသင်းနဲ့ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုလိုက်တာကြောင့် လာမယ့်၂၀၂၅ခုနှစ်အထိ ယူနိုက်တက်ကစားသမားအဖြစ် ဆက်လက်ရှိနေရတော့မှာဖြစ်ပါတယ်။

Photo Credit : Sky Sports

အသက်(၂၃)နှစ်အရွှယ်ရှိ စကော့တလန်လက်ရွေးစင် ကွင်းလယ်ကစားသမား တွမ်မီနေးဟာ ၂၀၁၇ခုနှစ် ဧပြီလအတွင်းမှာ ယူနိုက်တက်စီနီယာအသင်းရဲ့ ခေါ်ယူမှုကြောင့် အာဆင်နယ်အသင်းနဲ့ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း လူစားဝင်ကစားခဲ့ရသလို ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ကစားခဲ့ရတဲ့ ရာသီပိတ်ပွဲမှာပါ ပွဲထွက်ကစားသမားအဖြစ် စတင်ကစားခွင့်ရခဲ့ပါတယ်။ ဒီလိုနဲ့ တွမ်မီနေးဟာ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီကနေစတင်ပြီး အသင်းနဲ့အတူ ဘောလုံးရာသီ(၄)ခုအထိ ဖြတ်သန်းခဲ့ကာ အသင်းပရိသတ်တွေရဲ့ အချစ်တော်ဖြစ်လာခဲ့ပြီး အခုလို အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အကြောင်းဖန်လာခဲ့တာဖြစ်ပါတယ်။

Photo Credit : Be Soccer

အခုလို အသင်းနဲ့ နှစ်ရှည်စာချုပ်ချုပ်ဆိုဖြစ်ခဲ့တဲ့ တွမ်မီနေးက “ဒီအချိန်မှာ ကျွန်တော်တို့အတွက် လုပ်စရာတွေ များစွာရှိနေတဲ့အချိန်အတွင်းမှာ အသင်းနဲ့ အခုလိုစာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့အပေါ် အရမ်းပျော်ရွှင်ရပါတယ်။ ဒါ့အပြင် ယူနိုက်တက်ရဲ့အနာဂတ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ကစားရမှာကိုလည်း ဂုဏ်ယူမိပါတယ်။ ကျွန်တော်ယူနိုက်တက်အသင်းရဲ့ ဝတ်စုံကို ဝတ်ဆင်လိုက်တိုင်းမှာ အသင်းအတွက် ဘာမဆိုပေးဆပ်ချင်တဲ့စိတ်က အားကောင်းလာရော။ ကွင်းထဲကိုရောက်သွားချိန်မှာလည်း ဒီအသင်းအတွက် အကောင်းဆုံးတွေကို လုပ်ဆောင်ပေးချင်လာပါတယ်။ ကျွန်တော့်ကို ယုံကြည်မှုအပြည့်အဝပေးတဲ့ နည်းပြဆိုးလ်ရှားကိုလည်း ကျေးဇူးတင်မိပါတယ်။ ဒီရာသီမှာ အခုလက်ရှိရောက်နေတဲ့ အဆင့်ထက် ပိုမိုမြင့်မားတဲ့ နေရာထိရောက်ပြီး ရာသီသိမ်းနိုင်ဖို့ ကျွန်တော်တို့ ရည်ရွှယ်ထားပါတယ်” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ အခုလို တွမ်မီနေးကို စာချုပ်သက်တမ်းတိုးနိုင်ခဲ့ခြင်းအပေါ်မှာလည်း ယူနိုက်တက်နည်းပြဆိုးလ်ရှားကလည်း အရမ်းဝမ်းမြောက်လို့နေပြီး တွမ်မီနေးကိုလည်း ဒီထက်မက တိုးတတ်လာဦးမယ်လို့ ကစားသမားတစ်ယောက်ဖြစ်ကြောင်းပါ သတ်မှတ်ပြောဆိုလိုက်ပါတယ်။