ချဲလ်ဆီး နည်းပြဟောင်း ဖြစ်သူ စကိုလာရီကတော့ ချဲလ်ဆီးအသင်းကို နည်းပြခဲ့တဲ့ အချိန်မှာ တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ အနယ်ကာ နဲ့ ဒရော့ဘာတို့ မတည့်ကြတာကြောင့် ချဲလ်ဆီးအသင်း စတင် ပျက်စီးခဲ့တယ်လို့ ပြောခဲ့ပြီး အသင်းမှာ ပြဿနာ ရှိခဲ့တယ်လို့လည်း ပြောသွားခဲ့ပါတယ်။ နည်းပြ စကိုလာရီဟာ (၂၀၀၈) ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီးအသင်းကို စတင် နည်းပြခဲ့ပြီး လွန်ခဲ့တဲ့ (၂၀၀၂) ခုနှစ်မှာ ဘရာဇီးအသင်းနဲ့ အတူ ကမ္ဘာ့ဖလား ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပထမဆုံး ကမ္ဘာ့ဖလားရ နည်းပြ အဖြစ် မှတ်တမ်း ဝင်သွားခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ စကိုလာရီကတော့ ချဲလ်ဆီးအသင်းကို စတင်နည်းပြတဲ့ အချိန်မှာ ပထမဆုံး နည်းပြခဲ့တဲ့ ပွဲစဉ် (၁၂) ပွဲဆက် ရှုံးပွဲ မရှိ နည်းပြနိုင်ခဲ့ပြီး အကောင်းဆုံး စွမ်းဆောင်ရည်ကို ရရှိခဲ့ပေမဲ့လည်း ပွဲကြပ်ကာလ ခရစ်စမတ် ရာသီက စပြီး ရလဒ်တွေ နဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းခဲ့ပါတယ်။ နည်းပြ စကိုလာရီဟာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဟူးလ်စီးတီးအသင်းကို သရေကျခဲ့တဲ့ အတွက်ကြောင့် ချဲလ်ဆီးအသင်းကို နည်းပြပြီး (၇) လအကြာမှာ ချဲလ်ဆီးနည်းပြအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရပြီး သူက ဘာလို့ ချဲလ်ဆီးအသင်း ကျရှုံးခဲ့ရတာလဲ ဆိုတာကို ရှင်းပြခဲ့ပါတယ်။

Photo Credit: Goal

ချဲလ်ဆီး နည်းပြဟောင်း စကိုလာရီက “ချဲလ်ဆီးအသင်းမှာ ကစားသမားတွေ ဒဏ်ရာရတော့ ပြဿနာ ရှိခဲ့တယ်။ အသင်းထဲမှာ ပြဿနာရှိခဲ့တယ်။ ကစားသမား (၁) ဦး ဒါမှမဟုတ် (၂) ဦးကြောင့် ဦးဆောင်မှု ပျက်စီးသွားခဲ့တယ်။ အနယ်ကာ နဲ့ ဒရော့ဘာက ပြဿနာ ဖြစ်ခဲ့ကြတယ်။ ဆေးအဖွဲ့က ဒရော့ဘာကို နေရပ်ကို ပြန်ပြီး ခွဲစိတ်မှုကနေ သက်သာလာအောင် နေရမယ်လို့ တွေးခဲ့တယ်။ ကျွန်တော်တော့ သူ့ကို အင်္ဂလန်မှာ နေသင့်တယ်လို့ ထင်ခဲ့တယ်။ သူ နေရပ်က ပြန်လာတော့ ကျွန်တော် ဒရော့ဘာ နဲ့ အနယ်ကာကို တွဲကစားဖို့ ကြိုးစားခဲ့တယ်။ အဲဒီတုန်းက အနယ်ကာက လိဂ်မှာ ထိပ်သီး ဂိုးသွင်းသူပဲ။ ကျွန်တော်တို့ အစည်းအဝေး လုပ်ကြတဲ့ အခါမှာ အနယ်ကာက တစ်နေရာမှာ နှစ်ဦး မကစားချင်ဘဲ သူပဲ ကစားချင်တယ်လို့ ပြောခဲ့တယ်”လို့ ပြန်ပြောပြသွားပါတယ်။