ဘိုင်ယန်မြူးနစ် ကစားသမားဟောင်းကြီး ဘက်စတိန် ရှဝိန်း စတိုင်ဂါက သူ့အသင်းဖော်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဇာဘီ အလွန်ဆိုဟာ လာမယ့်နွေရာသီမှာပဲ လီဗာပူးလ်အသင်းကို ကိုင်တွယ်ဖို့ လက်ခံသွားလိမ့်မယ်လို့ သုံးသပ် ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းက ဒီနှစ် ဘောလုံးရာသီအကုန်မှာ အသင်းရဲ့ ပဲ့ကိုင်ရှင် နည်းပြကြီး ယာဂင် ကလော့ပ်ကို လက်လွတ်သွားရတော့မှာဖြစ်ပြီး ကလော့ပ်နေရာအတွက် နည်းပြတစ်ဦး အစားထိုးဖို့ကိုပါ အခုအချိန်ကတည်းကနေ ရှာဖွေလျက် ရှိနေပါတယ်။

Photo Credit : BeSoccer

လတ်တလောမှာတော့ ကလော့ပ်နေရာ အစားဝင်နိုင်မယ့်သူအဖြစ် လေဗာကူဆင် နည်းပြ လီဗာပူးလ် ကစားသမားဟောင်း အလွန်ဆိုကို ရေပန်းအစားဆုံး ဖြစ်နေရပြီး ထွက်ပေါ်နေတဲ့ သတင်းတွေအရဆိုရင်လည်း လီဗာပူးလ်က အလွန်ဆိုကိုပါ ဆက်သွယ်မှုတွေ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

အလွန်ဆိုက နည်းပြ အတွေ့အကြုံ အလွန်နုနယ်နေသေးပေမယ့် လေဗာကူဆင်ကို ကိုင်တွယ်နေချိန်အတွင်း အသင်းကို အကောင်းဆုံး အခြေအနေရောက်အောင် စွမ်းဆောင်ပေးထားနိုင်သလို ဒီရာသီမှာလည်း သူရဲ့လေဗာကူဆင်က ပြိုင်ပွဲစုံ ပွဲပေါင်း (၃၀)အထိ ရှုံးပွဲမရှိအောင်ပါ ကစားထားနိုင်ခဲ့ပါတယ်။

Photo Credit : FCBinside

ဒီလို အခြေအနေမှာ အလွန်ဆိုရဲ့ ဘိုင်ယန်အသင်းဖော်ဟောင်း စတိုင်ဂါက “ကျွန်တော်က ဇာဘီ အလွန်ဆိုကို ကောင်းကောင်းသိနေတဲ့သူပါ။ နောက်ပြီး သူရဲ့ အိမ်မက်က တစ်နေ့နေ့မှာ လီဗာပူးလ်အသင်း နည်းပြတစ်ဦး ဖြစ်လာဖို့လို့ ကျွန်တော် ထင်ပါတယ်။”

“ဒါကြောင့် လာမယ့် နွေရာသီမှာ သူက လီဗာပူးလ်အသင်းကို သေချာပေါက် ကိုင်တွယ်လိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ်။” လို့ မှတ်ချက်ပြု သုံးသပ် ပြောကြားသွားခဲ့ပါတယ်။ အလွန်ဆိုကိုယ်တိုင်ကလည်း လီဗာပူးလ်အသင်း နည်းပြသစ် ဖြစ်လာနိုင်မလားဆိုတဲ့ မေးခွန်းအပေါ် ယတိပြတ် ဖြေဆိုထားခြင်း မရှိတာကြောင့် ကလော့ပ်နေရာ အစားဝင်လာနိုင်ဖွယ် ရှိနေတယ်လို့ သုံးသပ်နေကြပါတယ်။