ဥရောပရဲ့ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် ၊ မန်ချက်စတာ ယူနိုက်တက်တို့မှာ ကစားခဲ့ဖူးတဲ့ ဂျာမဏီ ဂန္တဝင် ကွင်းလယ်လူ ရှဝိန်းစတိုင်ဂါက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဖရန့်ဖတ်တို့ရဲ့ ဥရောပစူပါဖလား ပွဲစဉ်အပြီးမှာပဲ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက တိုက်စစ်မှူး ဘန်ဇီမာဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဥရောပ စူပါဖလားပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ဖရန့်ဖတ်ကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ရီးရဲလ်မက်ဒရစ် အတွက် သွင်းဂိုးတွေကိုတော့ ခံစစ်မှူး အလာဘာနဲ့ ဘန်ဇီမာတို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

Photo Credit: Zimbio

အဆိုပါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သလို အသင်းရဲ့ တိုက်စစ်ကို အဓိက ဦးဆောင်သွားခဲ့တဲ့ ဘန်ဇီမာရဲ့ ခြေစွမ်းက အတော်လေးကို ချီးကျူးချင်စရာ ကောင်းခဲ့သလို ဘောလုံးရေးရာ သုံးသပ်သူ အများစုကလည်း ယခုနှစ်ရဲ့ ရွှေဘောလုံးဆုကို ဆွတ်ခူးနိုင်မယ့်သူလို့ တညီတညွတ်ထဲ မှတ်ချက်ပြုထားကြပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ဂျာမဏီအသင်းတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး အဖြစ် သတ်မှတ်ခံထားရသလို လက်ရှိအချိန်အထိ ဥရောပ ဘောလုံးပွဲတွေကို စောင့်ကြည့် အားပေးနေတဲ့ ရှဝိန်းစတိုင်ဂါကလည်း ဘောလုံးရေးရာ သုံးသပ်သူတွေရဲ့ အမြင်ကို ထောက်ခံသွားခဲ့သလို ဘန်ဇီမာဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ဖြစ်ကြောင်းပါ သူ့ရဲ့ လူမှုကွန်ယက်အကောင့်ကနေ တဆင့် ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Zimbio

ရှဝိန်းစတိုင်ဂါက – “အခုချိန်မှာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးက ဘန်ဇီမာပဲ။ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်တွေက အံ့အားသင့်စရာ ကောင်းရုံတင်မကဘူး သူ့ရဲ့ ဘောလုံးမရှိတဲ့ အချိန်တွေမှာ လုပ်သွားတဲ့ ရွေ့လျားမှုတွေက သူ့ရဲ့ ဉာဏ်ရည်ဉာဏ်သွေး ဘယ်လောက်ရှိလဲ ဆိုတာ ကောင်းကောင်းကြီး သက်သေပြနေတယ်။ ဘန်ဇီမာက ၂၀၂၂ခုနှစ်ရဲ့ ရွှေဘောလုံးဆုကို ရမယ် ဆိုတာ သံသယ ဝင်စရာ မလိုတော့ဘူး” ဆိုပြီး ချီးကျူးသွားခဲ့တာပါ။