နယ်သာလန် ထိပ်သီးကလပ် အေဂျက်ရဲ့ နည်းပြသစ် ဖြစ်သူ ရှရူဒါကတော့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သူတို့အသင်းရဲ့ ကြယ်ပွင့် ကစားသမား အန်တိုနီကို ရောင်းချဖို့ စိတ်ကူးမရှိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီက ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ အေဂျက်နဲ့အတူ အတော်လေး တောက်ပခဲ့တဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူ့ရဲ့ တိုးအား ရုန်းအားကောင်းမွန်မှုကြောင့် အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့သွားတဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်က သူ့ရဲ့ တပည့်ရင်းကို မန်ချက်စတာ ယူနိုက်တက်ဆီ ခေါ်ယူဖို့ မျက်စိကျနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Metro

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က အန်တိုနီကို ခေါ်ယူဖို့ သူ့ရဲ့ အေးဂျင့်တွေနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေကာ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ဆိုရင်လည်း အန်တိုနီရဲ့ အေးဂျင့်တဦးဟာ မန်ချက်စတာမြို့ဆီ လာရောက်ပြီး အန်တိုနီရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

ဒါကြောင့်ပဲ အန်တိုနီက ယခု နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းတော့မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီး အေဂျက်နည်းပြသစ် ရှရူဒါကတော့ သူတို့အသင်းဟာ ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက ကစားသမား အတော်များများကို ဆုံးရှုံးထားရတာကြောင့် အန်တိုနီကို ရောင်းချတော့မှာ မဟုတ်ဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုလာပါတယ်။

Photo Credit: Metro

ရှရူဒါက – “ကျွန်တော်ကတော့ အန်တိုနီဟာ အသင်းမှာပဲ ဆက်ရှိနေလိမ့်မယ်လို့ ထင်ပါတယ်။ ဒီနွေထဲမှာ ကျွန်တော်တို့က အဓိက ကစားသမားတွေ အများကြီးကို ရောင်းထုတ်ထားပြီးပါပြီ။ ဒါက ပြီးခဲ့တဲ့ ရာသီတွေမှာ ဖြစ်ပျက်ခဲ့ဖူးတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့က ကစားသမားသစ်တွေတော့ ပြန်ခေါ်ထားပါတယ်။ ဒါပေမယ့် နောက်ထပ် ကစားသမားတွေကို ထပ်ပြီး ရောင်းထုတ်ရမယ့် အချိန် မဟုတ်တော့ပါဘူး။ ဒါကြောင့် အသင်းကနေ နောက်ထပ် ကစားသမားတွေ ထပ်ပြီး ထွက်သွားဦးမယ်လို့ မထင်ပါဘူး” ဆိုပြီး ပြောကြားသွားခဲ့တာပါ။