နယ်သာလန် ထိပ်သီးကလပ် အေဂျက်ရဲ့ နည်းပြသစ် ရှရူဒါကတော့ ယခု နွေဈေးကွက် အတွင်းမှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့တော့မယ်လို့ သတင်းကြီးခဲ့တဲ့ အဓိကနောက်ခံလူ တင်ဘားစ်က အသင်းမှာပဲ ဆက်ရှိတော့မယ်လို့ ပြောကြားရင်း ပရိသတ်တွေကို သတင်းကောင်း ပါးသွားခဲ့ပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ နယ်သာလန် လက်ရွေးစင် ဗဟိုနောက်ခံလူ တင်ဘားစ်က အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့သွားတဲ့ အဲရစ် တန်ဟက်ဂ်ရဲ့ တပည့်ရင်း တဦး ဖြစ်ပြီး တန်ဟက်ဂ်ရဲ့ ဖိတ်ခေါ်မှုကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

တင်ဘားစ်က မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းဖို့ နီးစပ်ခဲ့ပေမယ့် နယ်သာလန် လက်ရွေးစင်နည်းပြ ဗန်ဟားလ်ရဲ့ မန်ချက်စတာ ယူနိုက်တက်မှာ ပုံမှန် ပွဲထွက်ခွင့် မရရင် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နယ်သာလန်ရဲ့ လူစာရင်းကနေ ချန်လှပ်ခဲ့မယ် ဆိုတဲ့ တချက်လွှတ် အမိန့်ကြောင့်ပဲ အေဂျက်မှာ နောက်ထပ် တရာသီ ထပ်မံ ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကနဦးမှာ တင်ဘားစ်ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး တိတိကျကျ မသိခဲ့ရပေမယ့် တန်ဟက်ဂ်ရဲ့ နေရာကို အစားဝင်လာတဲ့ အေဂျက်နည်းပြသစ် ရှရူဒါက ယနေ့ညမှာပဲ တင်ဘားစ်ဟာ အသင်းမှာပဲ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ကြောင်း အတည်ပြုသွားပါတယ်။

Photo Credit: Mirror

ရှရူဒါက – “ကျွန်တော်က တင်ဘားစ်နဲ့ စကားပြောပြီးသွားပါပြီ။ ဒီတော့ သူက အေဂျက်မှာပဲ ဆက်နေမယ်လို့ ကျွန်တော့်ဘက်က ယုံကြည်ထားပါတယ်။ တင်ဘားစ်က ဥာဏ်ရည်ထက်မြက်တဲ့ ကစားသမား တယောက်ပါ။ ဒါကြောင့် သူ့အတွက် ဘယ်အရာက အကောင်းဆုံး ဖြစ်မလဲ ဆိုတာ သူ သိပါတယ်။ ကျွန်တော်တို့ကတော့ သူနဲ့ အေဂျက်ရဲ့ ဇာတ်လမ်းက မရပ်တန့်သေးဘူးလို့ ထင်ပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။