ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ ပေါလ် စခိုးလ် ကတော့ ယနေ့မနက်မှာ ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ရဲ့ ပွဲမှာ ဆောက်သမ်တန် အသင်းရဲ့ ဒုတိယချေပဂိုးနဲ့ ပတ်သတ်ပြီး မန်ယူအသင်းရဲ့ နောက်ခံလူ လင်ဒီလော့ဖ်ကို ပြင်းပြင်းထန်ထန် အပြစ်တင် ဝေဖန်သွားခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်ကွင်းထဲမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်ဟာ မန်ယူအသင်း အတွက် အတော်လေးကို အရေးကြီးခဲ့တဲ့ ပွဲစဉ် တစ်ပွဲဖြစ်ပြီး အဆိုပါ ပွဲစဉ်ကိုသာ အနိုင်ရခဲ့ပါက မန်ယူအသင်းဟာ ၂၀၁၉ စက်တင်ဘာလ နောက်ပိုင်း အမှတ်ပေးဇယားရဲ့ အဆင့်လေး နေရာအတွင်းကို ပထမဦးဆုံးအကြိမ် အဖြစ် ပြန်လည် ရောက်ရှိနိုင်ချေ ရှိနေပေမယ့် ရရှိလာတဲ့ အခွင့်အရေးကို အသုံးမချနိုင်ခဲ့ပါဘူး။

Photo Credit: Metro

မန်ယူအသင်းဟာ အိုးထရက်ဖို့ဒ်ကွင်းထဲမ​ှာ ကစားရတဲ့ ပွဲစဉ်ဖြစ်တာနဲ့ အညီ ပွဲစတင်ထဲက ဆောက်သမ်တန်အသင်း ကို ဖိအားပေး ကစားဖို့ ကြိုးစားခဲ့ပေမယ့် ပွဲရဲ့ ဦးဆောင်ဂိုးကိုတော့ ဆောက်သမ်တန်အသင်းကသာ ရရှိခဲ့တာပါ။ ဆောက်သမ်တန်အသင်း အတွက် အဖွင့်ဂိုးကို တော့ ပွဲချိန် ၁၂မိနစ်မှာ အမ်းစထရောင်းက သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရ အပြီးမှာတော့ မန်ယူအသင်းရဲ့ ကစားပုံဟာ တိုးတက်လာခဲ့ပြီး ပွဲချိန် ၂၀မိနစ် မှာ ရက်ဖို့ဒ်နဲ့ ပွဲချိန် ၂၃မိနစ်မှာ မာရှယ်တို့က ချေပဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်မယ့် သွင်းဂိုးတွေကို သွင်းယူပေးခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ ပွဲဟာ အကြိတ်အနယ် ဖြစ်သွားခဲ့ပြီး သွင်းဂိုးတွေ ထပ်မံ သွင်းယူနိုင်ခဲ့ခြင်း မရှိတာကြောင့် ၂-၁ဂိုးဆိုတဲ့ ရလဒ်နဲ့ ပွဲဟာ ပြီးဆုံးသွားပြီလို့ ထင်မှတ်ခဲ့ပေမယ့် ပွဲချိန် ၉၆မိနစ်မှာတော့ လူစားဝင် တိုက်စစ် ကစားသမားအိုဘာဖီမီက ဆောက်သမ်တန်အသင်း အတွက် အဖိုးတန် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Metro

အိုဘာဖီမီဟာ အဆိုပါဂိုးကို ပွဲရဲ့ နောက်ဆုံး ထောင့်ကန်ဘောလို့ ဆိုရမယ့် ထောင့်ကန်ဘော ကနေတဆင့် သွင်းယူသွားခဲ့တာ ဖြစ်ပြီး အဆိုပါ သွင်းဂိုးမှာ အိုဘာဖီမီကို လူကပ်ကစားခဲ့တဲ့ လင်ဒီလော့ဖ် ကတော့ ပွဲအပြီးမှာ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ချေပဂိုးနဲ့ ပတ်သတ်ပြီး လင်ဒီလော့ဖ်မှာ အပြည့်အဝ တာဝန်ရှိကြောင်းကို စခိုးလ်က ” လင်ဒီလော့ဖ် ဟာ အဲ့ဒီအချိန်မှာ ပိုပြီး သန်မာခဲ့သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူဟာ ဂိုးဘက်ခြမ်း မှာ ရှိနေခဲ့ပြီးတော့ တစ်ဖက် တိုက်စစ် ကစားသမားရဲ့ အနိုင်ကျင့်မှုကို ခံခဲ့ရပြီး ထွက်လာတဲ့ ခြေထောက်ကိုလည် မတားဆီးနိုင်ခဲ့ပါဘူး​။ လင်ဒီလော့ဖ်ဟာ အဲ့ဒီအန္တရာယ်ကို မသိရှိဘူးလို့ တော့ ကျွန်တော် မထင်ပါဘူး​။ ဒါပေမယ့် သူ့ရဲ့ အလုပ်ကိုတော့ ကောင်းကောင်းကြီး လုပ်နိုင်ခဲ့သင့်ပါတယ် ” လို့ ဝေဖန်သွားခဲ့တာပါ။