ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ ဂန္တဝင် ကွင်းလယ် ကစားသမား တစ်ဦးဖြစ်တဲ့ ပေါစခိုးလ်ဟာ သူရဲ့ ကစားသမားဘဝမှာ တွဲဖက်ကစားချင်ခဲ့ပေမယ့် တွဲကစားခွင့် မရခဲ့တဲ့ ကစားသမားတွေထဲမှာ ဘာစီလိုနာအသင်းနဲ့ ဘရာဇီးလ်အသင်းတို့ရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ရော်နယ် ဒင်ဟိုဟာ ထိပ်ဆုံးကနေ ပါဝင်နေတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။ ပေါလ်စခိုးလ်ရဲ့ ပြောဆိုချက်အရတော့ မန်ယူ အသင်းဟာ ရော်နယ်ဒင်ဟိုကို ခေါ်ယူဖို့အတွက် အရမ်းနီးစပ်တဲ့ အနေအထားတစ်ခုကို ရောက်ရှိ ခဲ့ကြောင်းနဲ့ မန်ယူအသင်းနည်းပြဖြစ်သူ ဖာဂူဆန် ကိုယ်တိုင်တောင် ရော်နယ်ဒင်ဟိုကို ခေါ်ယူနိုင်ခဲ့ပြီလို့ ထင်မှတ်ခဲ့ကြောင်း ပြောဆိုခဲ့ပါသေးတယ်။

Photo Credit: Metro.com

ရော်နယ်ဒင်ဟိုဟာ ၂၀၀၃ခုနှစ်မှာ ပြင်သစ် ကလပ် ပီအက်စ်ဂျီအသင်းကနေ ဘာစီလိုနာ အသင်းထံကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဘာစီလိုနာ အသင်းထံကို မပြောင်းရွှေ့မီမှာ မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့သလို ရော်နယ်ဒင်ဟိုဟာလည်း မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တယ်လို့ စခိုးလ်ရဲ့ ပြန်ပြောင်း ပြောပြမှုအရ သိရှိရပါတယ်။ ဒါ့အပြင် စခိုးလ်က ရော်နယ် ဒင်ဟိုဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားသမားတစ်ဦး ဖြစ်ကာ သူနဲ့အတူ တွဲကစားဖို့ စိတ်ကူးယဉ်ခဲ့မိပေမယ့် ရော်နယ်ဒင်ဟိုဟာ အပြောင်းအရွှေ့ နောက်ဆုံးအချိန်မှာ ဘာစီလိုနာ အသင်းထံကို ရွေးချယ်သွားတာက သူ့ကို စိတ်ပျက်စေခဲ့တယ်လို့လည်း ဆိုသွားခဲ့ပါသေးတယ်။

Photo Credit: Metro.com

ရော်နယ်ဒင်ဟိုနဲ့ မန်ယူအသင်းတို့ကြားက အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ပေါလ်စခိုးလ် က ” အသင်းကို ပြောင်းလာဖို့ နီးစပ်ခဲ့တဲ့ ကစားသမားတွေထဲမှာ ကစားသမား၃ဦးလောက်ကို ကျွန်တော် အမှတ်ရနေမိပါတယ်။ အဲ့ဒီထဲမှာ အထင်ရှားဆုံးကတော့ ရော်နယ်ဒင်ဟိုပေါ့။ ဘယ်နှစ်မှာ ဖြစ်ခဲ့တဲ့ အပြောင်းအရွှေ့လဲဆိုတာ အတိအကျ မမှတ်မိတော့ပေမယ့် ဒင်ဟိုဟာ အသင်းကို ရောက်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ခဲ့ပါတယ်။ ဘော့စ်(ဖာဂူဆန်)ကလည်း အဲ့ဒီလိုပါပဲ။ အသင်းက သူ့ကို ပေးအပ်မယ့် ကျောနံပါတ်ကိုတောင် ပြင်ဆင်ထားပြီးပြီလို့ ကြားရတဲ့ အချိန်မှာ ငါတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားသမားနဲ့ တွဲကစားရတော့မယ် လို့ တွေးမိခဲ့ပါသေးတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ နောက်ဆုံးအချိန်မှာတော့ သူက ဘာစီလိုနာအသင်းကို ရွေးချယ်သွားခဲ့ပါတယ် ” လို့ ဖွင့်ဟ ပြောဆိုခဲ့တာပါ။