ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ပေါလ်စခိုးလ် ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၅)မှာ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ဆောက်သမ်တန်ကို ၁-၁ ဆိုတဲ့ သရေရလဒ်သာ ရရှိအောင် ကစားနိုင်ခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက်က ခန့်အပ်ထားတဲ့ ယာယီနည်းပြ ရန်းဂ်နစ်ဟာ အသင်းကို အကောင်းဆုံး ကိုင်တွယ်နိုင်မယ့် ပုဂ္ဂိုလ်တဦး မဟုတ်ကြောင်း ဝေဖန်သွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ပိုင်း ယိမ်းယိုင်မှု များပြားနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းရဲ့ ဂန္တဝင် ကစားသမားလည်းဖြစ် နည်းပြလည်းဖြစ်တဲ့ အိုလေဂန်နာ ဆိုးလ်ရှားကို နည်းပြရာထူး ကနေ ထုတ်ပယ်ခဲ့ပြီးနောက် ဂျာမန် ဝါရင့် နည်းပြကြီး ရန်းဂ်နစ်ကို ၆လ စာချုပ်နဲ့ ယာယီနည်းပြ အဖြစ် ခန့်အပ်ခဲ့ပါတယ်။

Photo Credit: 90Min

ရန်းဂ်နစ်ဟာ နာမည်ကျော် Gegen Press ကစားပုံကို စတင် တီထွင်တဲ့ ပုဂ္ဂိုလ်တဦး အဖြစ် ဂျာမန် ဘောလုံးလောကမှာ နာမည်ကြီးသူ တဦး ဖြစ်ပြီး ချယ်လ်ဆီးနည်းပြ တူဟယ်လ်က သူ့ရဲ့ လက်ရင်းတပည့် ဖြစ်သလို လီဗာပူးနည်းပြ ကလော့ပ်ကလည်း သူ့ဆီကနေ နည်းစနစ်တွေ လေ့လာ သင်ယူဖူးပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ရန်းဂ်နစ်ကို ယုံကြည်မှုအပြည့်နဲ့ အသင်းရဲ့ ယာယီနည်းပြ အဖြစ် ခန့်အပ်ခဲ့ရုံ သာမက ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ အသင်းရဲ့ အတိုင်ပင်ခံရာထူးနဲ့ ကစားသမား ခေါ်ယူမှု ၊ နည်းပြသစ် ခန့်အပ်မှု စတဲ့ ကိစ္စရပ်တွေကို လုပ်ဆောင်ဖို့ အတွက်ပါ စာချုပ် ချုပ်ဆိုထားပါတယ်။

ဒါပေမယ့် ရန်းဂ်နစ်ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရလဒ်ပိုင်းတွေကလည်း သိသိသာသာ ကောင်းမွန်လာခြင်း မရှိပဲ နောက်ဆုံး ကစားခဲ့တဲ့ ၃ပွဲဆက်တိုက် ၁-၁ ဆိုတဲ့ ရလဒ်တွေသာ ထွက်ပေါ်ခဲ့ကာ အသင်းရဲ့ အဆင့်၄အတွင်း ဝင်ရောက်ခွင့်ရရေး မျှော်လင့်ချက်ကလည်း ပိုမို အားနည်းလာခဲ့ပါတယ်။

Photo Credit: 90Min

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦးဖြစ်သူ ပေါလ်စခိုးလ်ကတော့ မန်ချက်စတာ ယူနိုက်တက် ၁-၁ ဆောက်သမ်တန် ပွဲစဉ်အပြီးမှာပဲ ရန်းဂ်နစ်ဟာ မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်ဖို့ အရည်အချင်း မရှိပဲ အားကစား ဒါရိုက်တာရာထူးနဲ့သာ သင့်တော်သူ တဦး ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဝေဖန်သွားခဲ့ပါတယ်။

ပေါလ်စခိုးလ်က – “ဒီရက်ပိုင်းမှာ အသင်းတွင်း အခြေအနေက အတော်လေးကို ဆိုးရွားနေခဲ့ပါတယ်။ အားလုံးက တိတ်ဆိတ်နေကြပြီး ဒီရာသီကို ဘယ်လိုပုံစံမျိုးနဲ့ အဆုံးသတ်ရမလဲ ဆိုတာကိုပါ မသိသလိုမျိုးပါ ဖြစ်လာခဲ့တယ်။ အိုလီ ထုတ်ခံရတော့မယ် ဆိုတာ ကျွန်တော်တို့ အားလုံး သိခဲ့ကြပါတယ်။ ဒါပေမယ့် အသင်းအတွက် တိကျတဲ့ အစီအစဉ်တွေက ဘယ်မှာလဲ။ တကယ်ဆိုရင် အသင်းကို အကောင်းမွန်ဆုံး ထိန်းကျောင်းနိုင်မယ့် ထိပ်တန်းနည်းပြ တဦးကို ခန့်အပ်ပြီး အသင်းကို ပြန်လည် တည်ဆောက်ခဲ့သင့်ပါတယ်။ ဒါက မန်ချက်စတာ ယူနိုက်တက်ပါ။ ဒီအသင်းက အကောင်းဆုံး ဆိုတဲ့ အရာတွေကိုပဲ လိုအပ်ပါတယ်။ နောက်ဆုံး ၁၀နှစ်မှာ နည်းပြအဖြစ် ၂နှစ်ပဲ တာဝန်ယူဖူးတဲ့ အားကစား ဒါရိုက်တာ တယောက်ကို နည်းပြအဖြစ် ခန့်ရမယ့် အသင်းမျိုး မဟုတ်ပါဘူး။ ကျွန်တော်က ရန်းဂ်နစ်ကို သဘောကျပါတယ်။ သူက နိုင်ငံစုံကို သွားဖူးသလို ထူးချွန်တဲ့ ပုဂ္ဂိုလ်တဦးပါ။ ဒါပေမယ့် သူက နောက်ဆုံး ၁၀နှစ် အတွင်းမှာ နည်းပြတဦး အဖြစ် အချိန်ခဏလေးပဲ လုပ်ခဲ့ဖူးတာပါ။ သူက အသင်းအတွက် သင့်တော်တဲ့ နည်းပြတဦး မဟုတ်ပါဘူး” လို့ ဝေဖန်သွားခဲ့တာပါ။