ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကွင်းလယ် ကစားသမားကြီး ဖြစ်တဲ့ ပေါလ်စခိုးလ် ကတော့ လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားတွေထဲမှာ သူ့ရဲ့ ကျောနံပါတ်ကို ဆက်ခံထားတဲ့ ပေါ်တူဂီ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ဟာ သူ့ထက် ပိုကောင်းတဲ့ ကွင်းလယ်လူ တစ်ဦးဖြစ်ကြောင်း ချီးကျူး သွားခဲ့ပါတယ်။ အသက် ၂၆နှစ် အရွယ် ပေါ်တူဂီ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ကမှ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ရောက်ရှိလာသူ ဖြစ်ပေမယ့် အသင်းမှာ လျင်လျင်မြန်မြန် အထိုင်ကျခဲ့သလို ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။

Photo Credit: Sports Bible

ဖာနန်ဒက်ဟာ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝ ပြိုင်ပွဲစုံမှာ ၄၄ပွဲ ပါဝင် ကစားထားရာ ၂၆ဂိုး အထိ သွင်းယူ ပေးထားသလို ဂိုးဖန်တီးမှု ၁၆ကြိမ်လည်း ပြုလုပ် ထားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် သူဟာ ၄၄ပွဲ ပါဝင် ကစားပြီးချိန်မှာ ၄၂ဂိုးနဲ့ ပါဝင် ပတ်သတ် ထားနိုင်ခဲ့ပြီး သူ့ရဲ့ စွမ်းဆောင်ရည်ဟာ ကွင်းလယ် ကစားသမား တစ်ဦးအနေနဲ့ အတော်လေးကို မြင့်မားတဲ့ စွမ်းဆောင်ရည်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဖာနန်ဒက်ဟာ လက်ရှိ ဘောလုံးရာသီ မှာလည်း မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမား အဖြစ် ရှိနေပါတယ်။ ဒါ့ကြောင့်ပဲ ပေါလ်စခိုးလ်က ဖာနန်ဒက်ဟာ သူ့ထက် ပိုပြီး ဂိုးသွင်းကောင်းသလို ဂိုးဖန်တီးမှု အပိုင်းမှာလည်း အားသာတဲ့ ကစားသမား ဖြစ်ကြောင်း ချီးကျူး ပြောဆို သွားခဲ့တာပါ။

Photo Credit: Sports Bible

ဖာနန်ဒက်ဟာ သူ့ထက် ပိုမို ကောင်းမွန်တဲ့ ကစားသမား တစ်ဦးဖြစ်ကြောင်းကို စခိုးလ်က “ဖာနန်ဒက်က ကျွန်တော့်ထက် ပိုပြီး ကောင်းတဲ့ ကစားသမား တစ်ဦးပါ။ သူက ကျွန်တော်နဲ့ ကွဲပြားတယ်။ သူက ကျွန်တော့် ထက် ပိုပြီး ဂိုးသွင်းနိုင်တယ်။ ကျွန်တော့်ထက် ပိုပြီး သွင်းဂိုးတွေ ဖန်တီးပေးနိုင်တယ်။ ကျွန်တော်က သူနဲ့ အတူ တွဲကစားချင်မိပါတယ်။ အထူးသဖြင့် သူ့ရဲ့ နောက်မှာပေါ့။ ဒါပေမယ့် ဒါက မဖြစ်နိုင်တော့ပါဘူး။ သူက အတော်လေးကို ထူးခြားပြီး ကွဲပြား ခြားနားတဲ့ ကစားသမား တစ်ဦးပါ။ သူ ယူနိုက်တက်ထံ ရောက်မလာခင်မှာ ယူနိုက်တက် က အခွင့်အရေး ဖန်တီးမှုတွေ ပြုလုပ်ဖို့ အတော်လေး ခက်ခဲခဲ့တယ် လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ သူက တစ်ပွဲကို သုံးဂိုး ၊ လေးဂိုး ၊ ငါးဂိုး သွင်းယူနိုင်တဲ့ ပုံစံမျိုး ဖြစ်နေပါတယ်” ဆိုပြီး ချီးကျူး သွားခဲ့ပါတယ်။