ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန် ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သူ ပေါလ်စခိုးလ် ကတော့ လက်ရှိ မန်ချက်စတာ ယူနိုက်တက်မှာ သူ့ရဲ့ ကျောနံပါတ်ကို ဆက်ခံထားတဲ့ ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်က သူ့ထက် ပိုကောင်းတဲ့ ကွင်းလယ်လူ တဦး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာပြီး ကစားသမား ဘဝတခုလုံး မန်ချက်စတာ ယူနိုက်တက် အတွက်သာ ကစားပေးခဲ့တဲ့ ပေါလ်စခိုးလ်ဟာ ဗဟိုကွင်းလယ်လူ တဦး ဖြစ်ပေမယ့် ဂိုးသွင်းအားကောင်းပြီး မက်ဆီ ၊ ဇာဗီ ၊ ဇီဒန်း ၊ အင်နီယေစတာ စတဲ့ ထိပ်တန်း ကစားသမားတွေရဲ့ အတုယူ အားကျခြင်းကိုတောင် ခံခဲ့ရသူပါ။

Photo Credit: Express

တဖက်မှာတော့ အသက် ၂၇နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ဘရူနို ဖာနန်ဒက်ဟာ စပို့တင်း လစ္စဘွန်း ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းပြ ကစားနိုင်နေသလို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရပါတယ်။

ဖာနန်ဒက်ဟာ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝမှာ စုစုပေါင်း ၁၁၂ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၄၈ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၃၇ကြိမ် ပြုလုပ်ထားနိုင်ပြီး အသင်းရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိထားပါတယ်။

Photo Credit: Express

ဖာနန်ဒက်ဟာ ယခုနှစ် ဘောလုံးရာသီမှာလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အခွင့်အရေး ဖန်တီးမှု အများဆုံး ကစားသမား စာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရှိနေပြီး ပေါလ်စခိုးလ် ကတော့ ဖာနန်ဒက်ဟာ သူ့ထက် ပိုကောင်းတဲ့ ကစားသမား တဦး ဖြစ်သလို ဖာနန်ဒက်နဲ့ တွဲဖက် ကစားချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပေါလ်စခိုးလ်က – “ဘရူနို ဖာနန်ဒက်က ကျွန်တော့်ထက် ပိုကောင်းပါတယ်။ သူက ကျွန်တော်နဲ့ ကွဲပြားတဲ့ ကွင်းလယ်လူ တဦးပါ။ သူက ကျွန်တော့်ထက် ဂိုးပိုသွင်းနိုင်တယ်။ ပြီးတော့ ဂိုးဖန်တီးမှုလည်း ကျွန်တော့်ထက် ပိုပြီး လုပ်နိုင်တယ်။ ကျွန်တော်က သူနဲ့ တွဲဖက် ကစားချင်ပါတယ်” လို့ ချီးကျူးသွားခဲ့တာပါ။