ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကွင်းလယ်လူ နှစ်ဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူတွေ အဖြစ် လုပ်ကိုင်နေကြတဲ့ ပေါလ်စခိုးလ်နဲ့ ဟားဂရေ့ဗ်တို့က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နီကိုးရှား ၂-၃ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ အရန်ခုံကနေ ထလာပြီး အသင်းရဲ့ အနိုင်ဂိုးတွေကို သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ကို အပြိုင်အဆိုင် ချီးကျူးသွားခဲ့ကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယူရိုပါလိဂ် အုပ်စု တတိယပွဲ အဖြစ် နီကိုးရှားကို ဆိုက်ပရပ်စ်မြေမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့ပေမယ့် ပထမပိုင်းမှာ အိမ်ရှင် နီကိုးရှားရဲ့ အမှတ်မထင် တိုက်စစ်ဆင်မှုကြောင့် ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီး ပထမပိုင်း အပြီးမှာတော့ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်နေခဲ့ရပါတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က ပထမပိုင်း ပြီးပြီးချင်းမှာပဲ ဆန်ချိုနဲ့ မာလာစီယာတို့ရဲ့ နေရာတွေမှာ ရက်ဖို့ဒ်နဲ့ လုခ်ရှောတို့ နှစ်ဦးကို တပြိုင်နက်ထဲ လူစားဝင် ကစားစေခဲ့ပြီး တန်ဟက်ဂ်ရဲ့ လူစားလဲမှုဟာ အလုပ်ဖြစ်ခဲ့ကာ ရက်ဖို့ဒ်က မန်ချက်စတာ ယူနိုက်တက် အတွက် ဒုတိယပိုင်း တပိုင်းထဲ ကစားပေးခဲ့ရပေမယ့် ၂ဂိုးသွင်း ၊ ၁ဂိုး ဖန်တီးနိုင်ခဲ့ကာ ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။

ရက်ဖို့ဒ်က ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းကို အဓိက ဦးဆောင်နေရသူ ဖြစ်ပြီး နီကိုးရှားနဲ့ ပွဲစဉ်မှာလည်း သူ ဝင်လာပြီးမှသာ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းဟာ ပိုမို တိုးတက်လာခဲ့ကာ ဘောလုံးရေးရာ သုံးသပ်သူတွေ အဖြစ် လုပ်ကိုင်နေကြတဲ့ ပေါလ်စခိုးလ်နဲ့ ဟားဂရေ့ဗ်တို့ကတော့ လူစားဝင်လာပြီး အသင်းကို အနိုင်ရအောင် ကူညီပေးခဲ့တဲ့ ရက်ဖို့ဒ်ကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

Photo Credit: Mirror

ပေါလ်စခိုးလ်က – “ရက်ဖို့ဒ်ရဲ့ စွမ်းဆောင်ရည်က နည်းပြတယောက် သူ့ရဲ့ လူစားဝင် တိုက်စစ်မှူးဆီ ကနေ လိုချင်နေတဲ့ အရာပါပဲ။ ဒီနေ့ပွဲမှာ တန်ဟက်ဂ်ရဲ့ လူစားဝင် ကစားသမားတွေက အလှည့်အပြောင်း ဖြစ်အောင် စွမ်းဆောင်ပေးခဲ့ကြပါတယ်။ ရက်ဖို့ဒ်ရဲ့ ကစားပုံက အရမ်းကို အသက်ဝင်နေပါတယ်။ ဒီရာသီမှာ သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ကျွန်တော်တို့ တောက်လျှောက်ကို မြင်နေခဲ့ရတာပါ” လို့ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဟားဂရေ့ဗ်ကလည်း ပေါလ်စခိုးလ်ရဲ့ ရက်ဖို့ဒ်အပေါ် ချီးကျူးမှုကို ထောက်ခံသွားခဲ့ပြီး ရက်ဖို့ဒ်ဟာ အံ့မခန်း ကစားသမား တဦး ဖြစ်ကြောင်း ထပ်ဆင့် ပြောကြားသွားပါတယ်။ ဟားဂရေ့ဗ်က – “ဒီနေ့ပွဲမှာ ယူနိုက်တက် လိုအပ်နေခဲ့တာက မားကပ်ရဲ့ ပေါက်ကွဲအားပါ။ ခင်ဗျားတို့တွေ အချက်အလက်နဲ့ ကစားပုံကို ကြည့်လိုက်ရင် ယူနိုက်တက်က ဒီပွဲကို စိုးမိုးထားနိုင်တယ် ဆိုတာ အလွယ်တကူ သိနိုင်ပါတယ်။ ရက်ဖို့ဒ်ကတော့ ကွင်းထဲကို ဝင်ရောက်လာပြီးတဲ့နောက်မှာ အံ့မခန်း ကစားသမား တယောက် ဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။ သူက အရမ်းကို မြန်တယ်။ ပြီးတော့ ပေါက်ကွဲအားကောင်းတယ်။ ဒါကြောင့် သူက ဒီနေ့ရဲ့ အကောင်းဆုံး ကစားသမားပါ” လို့ ထပ်ဆင့် ချီးကျူးသွားခဲ့တာပါ။