ပရီးမီးယားလိဂ် နာမည်ကြီး အသင်းဖြစ်တဲ့ မန်ယူအသင်းရဲ့ ဂန္တဝင် ကွင်းလယ် ကစားသမားကြီး ပေါလ်စခိုးလ် ကတော့ ဒေါ့မွန်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဟာလန်းဟာ လက်ရှိ ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားတွေ အဖြစ် ခြွင်းချက်မရှိ သတ်မှတ် ခံထားရတဲ့ ဂျူဗင်တပ် တိုက်စစ်မှူး ရိုနယ်ဒိုနဲ့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီတို့ရဲ့ အဆင့်အတန်းကို တစ်နေ့မှာ ရောက်ရှိလိမ့်မယ် လို့ ဟောကိန်း ထုတ်သွားခဲ့ပါတယ်။ ကမ္ဘာ့ ဘောလုံးလောကရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ပေါလ်စခိုးလ်ဟာ မန်ယူအသင်းမှာ ရိုနယ်ဒိုနဲ့ အချိန်အတော်ကြာအောင် တွဲကစားခဲ့ဖူးသလို ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီနဲ့လည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆုံတွေ့ခဲ့ဖူးသူ ဖြစ်ပါတယ်။

Photo Credit: Daily Mail

ပေါလ်စခိုးလ်ဟာ မက်ဆီနဲ့ ရိုနယ်ဒိုတို့ရဲ့ ခြေစွမ်းတွေကို အနီးကပ် မြင်ဖူးသူ တစ်ဦး ဖြစ်ပြီး သူ့အနေနဲ့ ဟာလန်းရဲ့ ကစားပုံကို မြင်ရတဲ့အချိန်မှာ မက်ဆီနဲ့ ရိုနယ်ဒိုကို မြင်တွေ့နေရသလို ခံစားနေရကြောင်း စခိုးလ်က ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ အသက် ၂၀အရွယ်သာ ရှိသေးတဲ့ နော်ဝေ တိုက်စစ်မှူး ဟာလန်းဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အဆင့် တိုက်စစ်မှူး တစ်ဦးဖြစ်လာမယ့် လမ်းစပေါ်ကို ရောက်ရှိနေသူ တစ်ဦး ဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာ ဒေါ့မွန်အသင်း ပြိုင်ပွဲစုံမှာ ၅ပွဲအထိ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ကြိမ်ကို ပြုလုပ်ထားနိုင်ခဲ့သူပါ။ ဒါ့ကြောင့်လည်း လက်ရှိမှာ ဟာလန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ များစွာ ရှိနေပြီး စခိုးလ်ကတော့ ဟာလန်းဟာ မက်ဆီနဲ့ ရိုနယ်ဒိုရဲ့ အဆင့်အတန်းကို တစ်နေ့မှာ ရောက်ရှိမယ် လို့ သုံးသပ်သွားပါတယ်။

Photo Credit: Daily Mail

ဟာလန်းရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး စခိုးလ်က ” ကျွန်တော်ကတော့ ဟာလန်းဟာ လက်ဖျားခါရလောက်အောင် ကောင်းမွန်တဲ့သူ လို့ ထင်ပါတယ်။ ကျွန်တော် မြင်တွေ့ ထားရသလောက်တော့ သူဟာ တစ်နေ့မှာ မက်ဆီနဲ့ ရိုနယ်ဒိုရဲ့ အဆင့်အတန်းမျိုးကို ရောက်ရှိမယ့် ထိပ်တန်း ကစားသမားတစ်ဦးပါ။ ဒါ့ကြောင့်ပဲ ကျွန်တော်က ဆန်ချိုဟာ မန်ယူအသင်းအတွက် သင့်တော်တဲ့ ကစားသမား မဟုတ်ဘူးလို့ တွေးမိနေတာပါ။ ဘာ့ကြောင့်လဲ ဆိုတော့ ကျွန်တော်တို့အသင်းမှာ သူနဲ့ ကစားပုံဆင်တဲ့ ကစားသမား သုံးဦးအထိ ရှိနေတယ်လေ။ ပေါင် ၁၀၀သန်းပဲ ဖြစ်ဖြစ် ငွေဘယ်လောက်ပဲဖြစ်ဖြစ် ဆန်ချိုအတွက် သုံးစွဲမယ်ဆိုရင် ဒါက မှန်ကန်တဲ့ အရာမဟုတ်ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် ဆန်ချိုကို ခေါ်ယူခဲ့ရင်လည်း ကျွန်တော်က စိတ်ပျက်မိမှာ မဟုတ်ပါဘူး ” လို့ ပြောကြားသွားခဲ့ပါတယ်။