ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကွင်းလယ် ကစားသမား တစ်ဦးဖြစ်တဲ့ ပေါလ်စခိုးကတော့ လက်ရှိ မန်ယူအသင်းရဲ့ အဓိက ကွင်းလယ်လူ အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ပြင်သစ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာဟာ သူ့ရဲ့ အင်္ဂလန် ကစားဖော်တစ်ဦးဖြစ်တဲ့ လီဗာပူးလ်အသင်းရဲ့ ဂန္တဝင်ကစားသမား ဂျာရတ်နဲ့ကစားပုံဆင်တူတဲ့ ကစားသမားဖြစ်တယ်လို့ ခိုင်းနှိုင်းချီးကျူးသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းရဲ့ ဂန္တဝင် ကစားသမားဖြစ်တဲ့ ဂျာရတ်ဟာ လက်ရှိမှာတော့ ကစားသမားဘဝကနေ အနားယူထားသူ ဖြစ်ပြီး စကော့တလန်ကလပ် ရိန်းဂျားအသင်းကို ကိုင်တွယ်နေသူဖြစ်ကာ နည်းပြဘဝမှာ အောင်မြင်မှုတွေ မရသေးပေမယ့် သူ့ရဲ့ ရိန်းဂျား အသင်းဟာ ခြေစွမ်းကောင်းတချို့ကို ပြသထားနိုင်ခဲ့ပါတယ်။

Photo Credit: Metro.com

တစ်ချိန်တုန်းက ပရီးမီးယားလိဂ်မှာ ဂိုးသမားတွေရဲ့ အိမ်မက်ဆိုးတွေ ပေးနိုင်တဲ့ ကွင်းလယ် ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဂျာရတ် ဟာ သူ့ရဲ့ ဝါးလုံးထိုးကန်ချက်တွေ ၊ တိကျကာ သပ်ရပ်တဲ့ ပြစ်ဒဏ်ဘောကန်ချက်တွေနဲ့အတူ အသင်းကို အကောင်းဆုံး ဦးဆောင်နိုင်ကာ အသင်းအတွက် အရိုးကြေကြေ ၊ အရေခန်းခန်း ပေးဆပ်ကစားခဲ့သူ ဖြစ်ပါတယ်။ ပေါ့ဘာ ကတော့ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး မထင်မှတ်တဲ့ အဝေးကန်ချက်တွေ ၊ Box to Box ကစားဟန် ၊ ဘောလုံးကျွမ်းကျင်မှု ၊ အဝေးဘောပေးပို့နိုင်မှု စတာတွေကြောင့် လက်ရှိမှာ သူနဲ့ပုံစံတူ ကစားသမား မရှိနိုင်ဘူးလို့ ဘောလုံးကျွမ်းကျင်သူတွေရဲ့ သုံးသပ်ခြင်းကို ခံထားရသူဖြစ်ကာ ပေါလ်စခိုး ကတော့ ပေါ့ဘာဟာ ဂျာရတ်နဲ့ ပုံစံတူတဲ့ ကစားသမားလို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Metro.com

စတီဗင်ဂျာရတ်နဲ့ ပေါလ်ပေါ့ဘာတို့ရဲ့ တူညီတဲ့ အရည်အသွေးတွေနဲ့ ပတ်သတ်ပြီး ပေါလ်စခိုးက ” ကျွန်တော်က ပေါ့ဘာနဲ့ အချိန်နည်းနည်း တွဲကစားခဲ့ဖူးပါတယ်။ ပြီးတော့ အားလုံးကလဲ ပေါ့ဘာရဲ့ အရည်အသွေးတွေကို သိကြပါတယ်။ သူဟာ ဂျူဗင်တပ်အသင်းအတွက် အရမ်း ကောင်းအောင် ကစားနိုင်ခဲ့တယ်။ ပြီးတော့ ပြင်သစ်အသင်းအတွက်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံး ကစားနိုင်ခဲ့သူပါ။ မန်ယူအသင်းမှာလည်း သူ ပုံစံကောင်းရနေတဲ့ အချိန်တွေမှာ သူဟာ အရမ်းကောင်းခဲ့ပါတယ်။ သူဟာ ကွင်းလယ်လူတစ်ဦးအနေနဲ့ အရာအားလုံးကို လုပ်ဆောင်နိုင်ပြီး ခင်ဗျားက သူ့ကို စတီဗင်(ဂျာရတ်)နဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ ဂျာရတ်နဲ့ ပေါ့ဘာက အမြန်နှုန်းတွေ ၊ ပါဝါတွေ ၊ ဘောလုံး ကျွမ်းကျင်မှု တွေမှာ တူညီတဲ့ အရည်အသွေးရှိပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။