ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ပေါလ်စခိုးလ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နယူးကာဆယ် ၁-၀ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်ကို ကြည့်ရှုပြီးနောက် သူ့ရဲ့ အသင်းဟောင်းမှာ လူပျင်းတွေ အရမ်း များနေတယ်လို့ ပြောကာ ဝေဖန်မှုတွေ လုပ်သွားခဲ့ပါတယ်။

ဒီရာသီမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရတဲ့ မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၄) အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်လုဘက် နယူးကာဆယ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit: Premier League

နယူးကာဆယ် ၁-၀ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ နှစ်သင်းစလုံးက အတောင့်တင်းဆုံး လူစာရင်းတွေကို အသုံးပြုကာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး အိမ်ရှင် နယူးကာဆယ်က မန်ချက်စတာ ယူနိုက်တက်ထက် ကစားပုံရော ၊ စိတ်ဓာတ်ပိုင်းမှာပါ ပိုမို သာလွန်ခဲ့သလို တောင်ပံတိုက်စစ် ကစားသမား ဂေါ်ဒွန်ရဲ့ သွင်းဂိုးကြောင့် အဖိုးတန် အနိုင် ၃မှတ်ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ရခဲ့တာကြောင့် ပွဲစဉ်(၁၄) အပြီးမှာ နယူးကာဆယ်က ရမှတ် ၂၆မှတ် စုဆောင်းနိုင်မှုနဲ့အတူ အဆင့်(၅)နေရာကို သိမ်းပိုက် ရယူနိုင်ခဲ့ပြီး ရှုံးပွဲတွေ့ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ကတော့ အဆင့်(၇)နေရာဆီ ဆင်းပေးခဲ့ရပါတယ်။

Photo Credit: Football 365

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား ပေါလ်စခိုးလ်ကတော့ နယူးကာဆယ် ၁-၀ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ ယူနိုက်တက် ကစားသမား တချို့ရဲ့ ကစားအား အတွက် အားမလို အားမရ ဖြစ်နေပြီး ယူနိုက်တက်ရဲ့ တိုက်စစ် ကစားသမားတွေဟာ အပျင်းထူနေတာကြောင့် အစွန်ခံစစ်မှူးတွေက အတော်လေးကို ရုန်းကန်ခဲ့ရတယ်လို့ သူ မြင်သမျှကို အားမနာတမ်း ထောက်ပြ ဝေဖန်သွားခဲ့ပါတယ်။

ပေါလ်စခိုးလ်က – “လုံးဝကို အမှိုက်ဆန်တဲ့ ကစားပုံမျိုးနဲ့ ကစားသွားတာပါပဲ။ ယူနိုက်တက်က အခုချိန်မှာ အတော်လေး ညံ့ဖျင်းတဲ့ ဘောလုံးအသင်း ဖြစ်နေပါပြီ။ သူတို့တွေ လတ်တလောမှာ ရထားတဲ့ ရလဒ်ကောင်းတွေက သူတို့ရဲ့ ကစားပုံနဲ့ ဘယ်လိုမှ မလိုက်ဖက်ပါဘူး။ လက်ရှိ ယူနိုက်တက်မှာ အပျင်းထူတဲ့ ကစားသမားတွေ အများကြီး ရှိနေပါတယ်။ ဒီအချက်ဟာ ငြင်းလို့ မရတဲ့ အချက်ပါ။ တချို့ တိုက်စစ်ကစားသမားတွေက ခံစစ်ကို လိုက်ကူဖို့ ပျင်းခဲ့တဲ့ အတွက် အစွန်ခံစစ်မှူးတွေဟာ လိုတာထက် ပိုပြီး ကြိုးစား ကစားခဲ့ရတာကိုလည်း မြင်နေရပါတယ်” လို့ ဝေဖန် ထောက်ပြသွားခဲ့တာပဲ ဖြစ်ပါတယ်။