ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သလို ဘောလုံးရေးရာ သုံးသပ်သူလည်း ဖြစ်တဲ့ ပေါလ်စခိုးလ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဂါလာတာစာရေး ၃-၃ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ သူ့အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဟာ ၂ဂိုးပြတ်နဲ့ ဦးဆောင်ပြီးမှ သရေပြန်ကျခဲ့တဲ့ အတွက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်မှာ အများကြီး တာဝန်ရှိကြောင်း ပြစ်တင် ဝေဖန်သွားခဲ့ပါတယ်။

ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ဂါလာတာစာရေး ၊ ကိုပင်ဟေဂင် ၊ ဘိုင်ယန်မြူးနစ် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေခဲ့သလို ပထမအကျော့ ၃ပွဲမှာ ၁ပွဲထဲသာ အနိုင်ရခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်က ရှုံးထွက်အဆင့်ကို တက်ရောက်ချင်ရင် ဂါလာတာစာရေးနဲ့ပွဲမှာရော ၊ လက်ကျန် ဘိုင်ယန်မြူးနစ်နဲ့ ပွဲမှာပါ အနိုင်ရဖို့ လိုအပ်ခဲ့ပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ဂါလာတာစာရေးကို လူစုံထုတ် ယှဉ်ပြိုင် ကစားခဲ့ပြီး ပွဲအစ ၁၁မိနစ်မှာတင် ဂါနာချိုက မန်ချက်စတာ ယူနိုက်တက် အတွက် ဦးဆောင်ဂိုးကို စတင် သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် ပွဲချိန် ၁၆မိနစ်မှာ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က ယူနိုက်တက် အတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပါတယ်။

၀-၂ ဆိုတဲ့ ရလဒ်နဲ့ ဦးဆောင်ခွင့် ရရှိပြီးနောက် ယူနိုက်တက်က ပွဲကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ပွဲချိန် ၂၉မိနစ်မှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ မလိုအပ်ပဲ လူချကစားမှုကြောင့် ရလာတဲ့ ပြစ်ဒဏ်ဘောကို ဇီရက်ဇ်က အကောင်းဆုံး ကန်သွင်းကာ ဂါလာတာစာရေး အတွက် ပထမချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်းက ၁-၂ ဆိုတဲ့ ရလဒ်နဲ့ ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းအစ ပွဲချိန် ၅၅မိနစ်မှာပဲ တော်မီနေးက မန်ချက်စတာ ယူနိုက်တက် အတွက် တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြန်ပါတယ်။

နှစ်ဂိုးပြတ် ရှုံးနိမ့်နေခဲ့ပြီးနောက် ဂါလာတာစာရေးက ချေပဂိုးတွေ ပြန်ရဖို့ ဆက်တိုက် တိုက်စစ်ဆင် ကစားခဲ့ကာ ပွဲချိန် ၆၂မိနစ်မှာတော့ ဘရူနို ဖာနန်ဒက်စ်ရဲ့ မလိုအပ်ပဲ လူချကစားမှုရဲ့ ရလဒ်အဖြစ် ဂါလာတာစာရေးတို့ ပြစ်ဒဏ်ဘော ကန်သွင်းခွင့် ထပ်ရခဲ့ပြီး ဇီရက်ဇ်က အဆိုပါ ပြစ်ဒဏ်ဘောကို ကန်သွင်းခဲ့ရာ ယူနိုက်တက် ဂိုးသမား အိုနာနာရဲ့ ဂိုးဖမ်းပုံ မသပ်ရပ်မှုကြောင့် ဂါလာတာစာရေးတို့ ဒုတိယမြောက် ချေပဂိုးကို ထပ်မံ ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ပွဲချိန် ၇၁မိနစ်မှာ အက်တာကိုဂလူးက ဂါလာတာစာရေး အတွက် တတိယမြောက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: The Sun

ဂါလာတာစာရေး ၃-၃ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာတော့ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ အများစုက ချေပဂိုးတွေကို အလွယ်တကူ ခွင့်ပြုပေးခဲ့တဲ့ ဂိုးသမား အိုနာနာကို ပြစ်တင် ဝေဖန်နေကြပြီး ယူနိုက်တက်ဂန္တဝင် ပေါလ်စခိုးလ်ကတော့ မလိုလားအပ်တဲ့ လူချကစားမှုတွေ လုပ်ခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်မှာလည်း ဒီသရေပွဲ အတွက် အပြစ်ရှိကြောင်း ဝေဖန်သွားခဲ့ပါတယ်။

ပေါလ်စခိုးလ်က – “ဘရူနို ဖာနန်ဒက်စ်က သူတို့တွေ လုပ်မိခဲ့တဲ့ အမှားတွေ အကြောင်း ပြောတာကို ကြားပါတယ်။ ဒါပေမယ့် သူကလည်း ပြိုင်ဘက်ကို ဂိုး ၂ဂိုး ခွင့်ပြုခဲ့ရတဲ့ ရူးကြောင်ကြောင် ပြစ်ဒဏ်ဘော ၂ကြိမ် လုပ်ခဲ့ပါတယ်။ သူ အပါအဝင် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမား အားလုံးက ဒီသရေပွဲ အတွက် တာဝန်ခံရပါလိမ့်မယ်” လို့ ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။