ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ပေါလ်စခိုးလ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ဆိုစီဒက် ၀-၁ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ နောက်ခံလူ မက်ဂွိုင်းယားကို တိုက်စစ်မှူး နေရာ ထည့်သွင်းကာ အမြင့်ဘောတွေ အားပြု ကစားသွားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ နည်းစနစ်တွေဟာ လိဂ်-၁ ၊ လိဂ်-၂ အဆင့် နည်းဗျူဟာတွေလို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယူရိုပါလိဂ် အုပ်စုနောက်ဆုံးပွဲ အဖြစ် ဆိုစီဒက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ အုပ်စုဗိုလ်နေရာ ရဖို့ အတွက် အနိမ့်ဆုံး ၂ဂိုးပြတ် အနိုင်ရဖို့ လိုအပ်နေတာကြောင့် အနိုင်ရရှိအောင် အစွမ်းကုန် ကြိုးစား ကစားခဲ့ပေမယ့် လူငယ်ကြယ်ပွင့် ဂါနာချိုရဲ့ တလုံးထဲသော သွင်းဂိုးနဲ့သာ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Daily Mail

အဆိုပါပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်က ပထမပိုင်း ပွဲကစားချိန် အတွင်းမှာပဲ ဂါနာချိုရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့တာကြောင့် ဒုတိယပိုင်းမှာ မန်ချက်စတာ ယူနိုက်တက်ဟာ နောက်ထပ် အနိုင်ဂိုး တဂိုး ရရှိဖို့ အစွမ်းကုန် ကြိုးစား ကစားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က ဒဏ်ရာရ ကစားသမား များပြားနေတာကြောင့် အားနည်းနေတဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ အတွက် အသင်းခေါင်းဆောင် ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားကို လူစားဝင် တိုက်စစ်မှူး အဖြစ်ပါ ကစားစေခဲ့ပါတယ်။

မက်ဂွိုင်းယား ဝင်ရောက်လာပြီးနောက် မန်ချက်စတာ ယူနိုက်တက် တသင်းလုံးက အမြင့်ဘောတွေနဲ့ အနိုင်ဂိုး ရရှိအောင် ကြိုးစား ကစားခဲ့ကြသလို မက်ဂွိုင်းယားကလည်း အသင်းဖော်တွေဆီ ခေါင်းတိုက် ဘောလုံးချပေးမှုတွေ လုပ်ဆောင်နိုင်ခဲ့ပေမယ့် သွင်းဂိုးတော့ မရခဲ့ပါဘူး။

Photo Credit: Daily Mail

လက်ရှိမှာတော့ တန်ဟက်ဂ်ရဲ့ မက်ဂွိုင်းယားကို တိုက်စစ်မှူး အဖြစ် ကစားစေခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ချီးကျူးသူတွေ ရှိသလို ဝေဖန်သူတွေလည်း အများအပြား ထွက်ပေါ်နေပြီး ပေါလ်စခိုးလ်ကတော့ ကစားကွက်နဲ့ မကစားပဲ အမြင့်ဘောသာ အားပြု ကစားသွားခဲ့တဲ့ တန်ဟက်ဂ်ရဲ့ နည်းစနစ်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

ပေါလ်စခိုးလ်က – “ယူနိုက်တက်ရဲ့ ဒုတိယပိုင်း ကစားပုံက လုံးဝ အမှိုက်ဆန်ပါတယ်။ သူတို့က ဘာနည်းဗျူဟာမှ မရှိပဲ ကစားသွားခဲ့ကြတာပါ။ သူတို့ရဲ့ တခုထဲသော နည်းဗျူဟာက ဂိုးဧရိယာထဲကို ဘောလုံးပို့မယ်။ ပြီးရင် ပြန်ကျလာတဲ့ ဘောလုံးကို ကန်မယ်။ ဒါပါပဲ။ ဒါက လိဂ်-၁ ၊ လိဂ်-၂မှာ တွေ့ရလေ့ ရှိတဲ့ နည်းဗျူဟာမျိုးပါ။ ဒါက မန်ချက်စတာ ယူနိုက်တက်လို အသင်းမျိုးကို မလေးစားတဲ့ နည်းဗျူဟာလို့တောင် ပြောလို့ ရပါတယ်” ဆိုပြီး တန်ဟက်ဂ်ရဲ့ နည်းစနစ်တွေကို ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။