မန်ယူအသင်းရဲ့ ဂန္တဝင် ကွင်းလယ် ကစားသမားဟောင်း ပေါလ် စခိုးလ်ကတော့ မန်ယူအသင်းအနေနဲ့ လီဗာပူးလ်အသင်း နဲ့ မန်စီးတီးအသင်းကို မှီဖို့ ဆိုရင် လူသစ် ကစားသမား အနည်းဆုံး (၃) ဦး ဒါမှမဟုတ် အများဆုံး (၄) ဦး ခေါ်ယူရဦးမယ်လို့ အခိုင်အမာ ပြောသွားတာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ (၂၀၁၃) ခုနှစ်မှာ နည်းပြ ဖာဂူဆန် အနားယူသွားတဲ့ နောက်ပိုင်း ပုံစံကောင်း၊ ရလဒ်ကောင်း နဲ့ ခြေစွမ်းကောင်းတွေ ပျောက်ဆုံးခဲ့ပြီး မန်ယူ တိုက်စစ်မှူးဟောင်း ဆိုးလ်ရှားကို နည်းပြ အဖြစ် ခန့်အပ်လိုက်တဲ့ အချိန်မှာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး ပြုလုပ်ခဲ့ပါတယ်။

Photo Credit: Mirror

မန်ယူအသင်းဟာ နည်းပြ ဆိုးလ်ရှားကို ခန့်အပ်ပြီးနောက် နောက်တန်း နဲ့ ကွင်းလယ်အတွက် ကစားသမားသစ်တွေကို ခေါ်ယူခဲ့ပြီး နောက်ခံလူ မက်ဂွိုင်းယား၊ နောက်ခံလူ ဝမ်ဆစ်ဆာကာ၊ နဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်တို့က ကောင်းမွန်တဲ့ ခေါ်ယူမှုတွေ ဖြစ်လာခဲ့ကြပါတယ်။ မန်ယူ ကွင်းလယ် ကစားသမားဟောင်း ပေါလ် စခိုးလ်ကတော့ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ မန်ယူအသင်း တကယ် လိုအပ်နေတဲ့ ကြားခံ အချိတ်အဆက် ဖြစ်ပေမဲ့ မန်ယူအသင်းအနေနဲ့ လီဗာပူးလ် နဲ့ မန်စီးတီးကို မှီဖို့ ကစားသမားသစ် (၄) ဦးခန့် ခေါ်ယူရဦးမယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Mirror

ပေါလ် စခိုးလ်က “မန်ယူအသင်းအနေနဲ့ ဦးဆောင်အသင်းတွေရဲ့ နောက်ကို ရောက်ရှိလာပြီလို့ ကျွန်တော် ထင်ပါတယ်။ သူတို့ ဖာနန်ဒက်စ် ရောက်လာကတည်းက နောက်ပိုင်း ကောင်းလာပုံ ပေါ်ပါတယ်။ ဒါပေမဲ့ လီဗာပူးလ် နဲ့ မန်စီးတီးက ထိပ်ဆုံးက ဦးဆောင်နေဆဲပါ။ မန်ယူအသင်းကို ကူညီနိုင်တဲ့ လူသစ် (၃) ဦး ဒါမှမဟုတ် (၄) ဦး လိုပါတယ်။ ဒါပေမဲ့ အချိန်အကြာကြီးအတွင်းမှာ ပထမဆုံး အကြိမ်အနေနဲ့ သူတို့တွေ ထိပ်သီးအသင်းတွေနဲ့ ကွာဟမှု နီးလာနေပြီလို့ ကျွန်တော် ခံစားရပါတယ်။ ကျွန်တော့်အတွက် ဖာနန်ဒက်စ်က ကွင်းလယ်ကစားသမားနဲ့ မတူဘဲနဲ့ နံပါတ် (၁၀) ကစားသမားနဲ့ပဲ တူပါတယ်။ သူက ဘောလုံးကစားတဲ့ အချိန်မှာ တကယ် ကောင်းမွန်ပြီး ကွင်းလယ်မှာ အမြဲတမ်း ရှိနေပါတယ်။ သူက မန်ယူအသင်း တကယ် လိုအပ်နေတဲ့ ကြားခံအချိတ်အဆက်ပါပဲ။ မန်ယူအသင်း အရင်က ဒါမျိုး မရှိခဲ့ဘဲ အခု ရှိနေပြီ”လို့ ပြောသွားပါတယ်။