မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ လိုက်ပ်ဇစ် အသင်း ကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး ၃ ဂိုး-၂ ဂိုး ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရတာကြောင့် ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အနေနဲ့ သရေရလဒ်ရရှိအောင် ကစားနိုင်ခဲ့ရင်တောင် နောက်တစ်ဆင့်တက်လှမ်းနိုင်မယ့် အနေအထားမှာ ရှိနေခဲ့ပေမယ့် ရှုံးနိမ့်ခဲ့တာကြောင့် မန်ယူအသင်းရဲ့ ကစားသမားတွေနဲ့ နည်းပြ အပေါ်မှာ ဝေဖန်မှုတွေ အတော်လေး ရှိခဲ့ပါတယ်။ ထိုအထဲမှာ မန်ယူ အသင်း ရဲ့ ပင်တိုင် ဂိုးသမား ဒေးဗစ် ဒီဂီယာ လည်း မလွတ်ခဲ့ပါဘူး။

Photo Credit: The Sun

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ဂန္တဝင် ကစားသမား တစ်ဦးဖြစ်တဲ့ ပေါလ်စခိုး ဟာ စပိန်လက်ရွေးစင်ဂိုးသမား ဒီဂီယာ ရဲ့ အဆိုပါ ပွဲစဉ်က တတိယဂိုး ခွင့်ပြုပေးခဲ့ရပုံနဲ့ ပတ်သက်ပြီး အပြင်းအထန် ဝေဖန်ခဲ့ကာ “ ပြစ်မှု ” လို့တောင် ခေါ်ဆိုလိုက်ပါတယ်။ ယူနိုက်တက် အသင်းဟာ အိမ်ရှင် အသင်းကို ပွဲကစားချိန် ၁၅ မိနစ် မပြည့်သေးခင်မှာပဲ စောစောစီးစီး သွင်းဂိုး ၂ ဂိုး ခွင့်ပြုပေးခဲ့ရပါတယ်။ တတိယမြောက် သွင်းဂိုးကိုတော့ ပွဲကစားချိန် ၆၉ မိနစ်လောက်မှာ ဂျက်စတင် ကလူးရစ်ဗက် ဘယ်ခြမ်းက တင်ပေးလိုက်တဲ့ ဘောလုံးကို ပိတ်သွင်းခဲ့တာကြောင့် လိုက်ပ်ဇစ်တို့ တတိယမြောက် ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ မန်ယူ အသင်းအနေနဲ့ နောက်က လိုက်ကစားခဲ့ပေမယ့်လည်း မမှီခဲ့တာကြောင့် အရှုံးရလဒ် နဲ့ ရင်ဆိုင် ခဲ့ရပါတယ်။

Photo Credit: The Sun

ပေါလ်စခိုးကတော့ လိုက်ပ်ဇစ် အသင်းရဲ့ တတိယမြောက် ရရှိတဲ့ သွင်းဂိုး နဲ့ပတ်သက်ပြီး မန်ယူ ဂိုးသမား ဒီဂီယာ အနေနဲ့ ဂိုးမပေးရဖို့ အတွက် ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားနဲ့ လုပ်ဆောင်သင့်တယ်ဆိုပြီး ဝေဖန်ခဲ့ပါတယ်။ “ သူ ဘောလုံးကို ဖြတ်ထုတ်နိုင်ခဲ့လား ? သူ ဖြတ်မထုတ်နိုင်ခဲ့ပါဘူး။ သဘာဝ ကျကျ ပြောရမယ်ဆိုရင် သူ ကိုယ့်ကိုယ်ကို ဒဏ်ရာရမှာ ကို ကြောက်နေတာပဲ။ ဂိုးသမား တစ်ယောက် အနေနဲ့ ခန္ဓာကိုယ်ကို ပိုကြီးမားအောင် လုပ်ပြီး ကာကွယ်လို့ရပါတယ်။ ခင်ဗျား အနေနဲ့ မျက်နှာကို ထိခိုက်ကောင်း ထိခိုက်မိနိုင်တယ်။ ခင်ဗျား အနေနဲ့ ဒဏ်ရာ ရကောင်းရနိုင်ပါတယ်။ ဒါပေမယ့် ဂိုးမပေးရနိုင်ပါဘူး။ တကယ်တော့ သူ က ကိုယ်ကို ပိုသေးအောင်လုပ်နေသလိုပဲ။ အဲ့ဒါက ပြစ်မှု တစ်ခုပါပဲ။ သူ့လို အတွေ့အကြုံရှိ ဂိုးသမား တစ်ယောက် အနေနဲ့ အဲ့ဒါက ပြစ်မှုပါပဲ။ ဘောလုံး အနေနဲ့ ဂိုးဧရိယာထဲကို အဲ့ဒီလိုတောင် ဖြတ်မသွားသင့်ပါဘူး။ ဟယ်ရီ မက်ဂွိုင်းယားကို ကြည့်ရတာလည်း သစ်သားရုပ်ကြီး အတိုင်းပဲ။ လုံးဝ ကို ငြိမ်နေခဲ့တယ် ” ဆိုပြီး ဝေဖန်ပြောဆိုခဲ့ပါတယ်။