ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ပေါလ်စခိုးလ်ကတော့ ပြီးခဲ့တဲ့ ကြားရက်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရှရစ်ဖ် ၀-၂ မန်ချက်စတာ ယူနိုက်တက်ပွဲစဉ်မှာ လူစားဝင် ကစားသမား အဖြစ် ဝင်ရောက် ကစားခွင့် ရခဲ့ပြီးနောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ကွင်းလယ်လူ ကတ်စ်မဲရိုးရဲ့ ခြေစွမ်းကို သဘောကျမိကြောင်း ချီးကျူးသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ပြီးခဲ့တဲ့ နွေဈေးကွက် ပိတ်သိမ်းခါနီးမှ ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းကျော်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: The Sun

မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သူ မိုက်ကယ် ကာရစ်ကို ဆုံးရှုံးခဲ့ရပြီးနောက် ကမ္ဘာ့အဆင့် ကွင်းလယ်ခံစစ် ကစားသမား တဦးကို ထပ်မံ မပိုင်ဆိုင်ခဲ့ပဲ ယခုနှစ် ဘောလုံးရာသီ ရောက်မှသာ ကတ်စ်မဲရိုးကို ခေါ်ယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ကတ်စ်မဲရိုးက ကမ္ဘာ့အဆင့် ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်ပေမယ့် အသင်းထံ ရာသီစတင်ပြီးမှ ရောက်ရှိလာတာကြောင့် မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က ကတ်စ်မဲရိုးကို အသင်းနဲ့ အသားကျအောင် လူစားဝင် ကစားသမား အဖြစ်သာ အသုံးပြုနေသေးပြီး ကတ်စ်မဲရိုးကလည်း ကစားခွင့် ရတဲ့ အချိန်တိုင်းမှာ သူဟာ ကမ္ဘာ့အဆင့် ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်ကြောင်းကို ကောင်းကောင်းကြီး သက်သေပြနိုင်ခဲ့ပါတယ်။

Photo Credit: The Sun

ရှရစ်ဖ် ၀-၂ မန်ချက်စတာ ယူနိုက်တက်ပွဲစဉ်မှာ ကတ်စ်မဲရိုးက ဒုတိယပိုင်း ရောက်မှ ဝင်ရောက် ကစားခွင့် ရခဲ့ပေမယ့် ကစားခွင့်ရတဲ့ အချိန်ခဏလေး အတွင်းမှာ ပြိုင်ဘက်ရဲ့ တိုက်စစ်ကို အကြိမ်ပေါင်းများစွာ ဟန့်တားနိုင်ခဲ့သလို အသင်းရဲ့ တိုက်စစ်ကိုလည်း သူ့ရဲ့ တိကျတဲ့ ပေးပို့မှုတွေနဲ့ ကူညီနိုင်ခဲ့ပြီး ပေါလ်စခိုးလ်ကတော့ သူဟာ ကတ်စ်မဲရိုးကို အဖျက်ကောင်းတဲ့ ကွင်းလယ်ခံစစ် ကစားသမား တဦးလို့သာ တွေးထားတာကြောင့် ကတ်စ်မဲရိုးရဲ့ တိကျတဲ့ ပေးပို့မှုတွေကို မြင်တွေ့လိုက်ရချိန်မှာ အံ့အားသင့်ခဲ့ရကြောင်း ပြောကြားသွားပါတယ်။

ပေါလ်စခိုးလ်က – “ကတ်စ်မဲရိုးက ကျွန်တော့်ကို သူ့ရဲ့ တိကျတဲ့ ပေးပို့နိုင်စွမ်းတွေနဲ့ အံ့အားသင့်သွားစေခဲ့ပါတယ်။ တကယ်ပြောတာဗျ။ ကျွန်တော်က ကတ်စ်မဲရိုးကို ဘောလုံးအဖျက်ကောင်းတဲ့ ကစားသမား တယောက် ၊ ဘောလုံးပြန်ဆယ်ပေးနိုင်တဲ့ ကွင်းလယ်လူ တယောက်လို့ပဲ ထင်ထားတာပါ။ ပြီးခဲ့တဲ့နှစ်တွေမှာ တိုနီကရူးစ်နဲ့ မိုဒရစ်ကပဲ ရီးရဲလ်မက်ဒရစ်ရဲ့ ပေးပို့မှုတွေကို အများဆုံး လုပ်ခဲ့ကြတာပါ။ ဒီနေ့မှာတော့ ကတ်စ်မဲရိုးက သူ့ရဲ့ အရည်အသွေးတွေကို အကောင်းဆုံး သက်သေပြသွားတာပါပဲ” လို့ ချီးကျူးသွားခဲ့တာပါ။