ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ဒိန်းမတ်အသင်းတို့ရဲ့ ဂန္တဝင် ဂိုးသမားကြီး ပီတာ ရှမိုက်ကယ် ကတော့ ယခုအချိန်မှာ အသင်းကို ရာသီကုန် အထိ ကိုင်တွယ်နိုင်မယ့် ယာယီနည်းပြတဦးကို ရှာဖွေနေတဲ့ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ စတိဗ်ဘရုစ်ကို ယာယီနည်းပြ အဖြစ် ခန့်အပ်သင့်ကြောင်း တိုက်တွန်း အကြံပေးလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရတာကြောင့် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး သူ့ရဲ့နေရာကို အစားဝင်နိုင်မယ့် ထိပ်တန်းနည်းပြ တဦးကို ရှာဖွေနေပါတယ်။

Photo Credit: Daily Mail

မန်ချက်စတာ ယူနိုက်တက်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ နည်းပြစာရင်းထဲမှာ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနို ၊ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်း ၊ အေဂျက်နည်းပြ တန်ဟက် ၊ စပိန်နည်းပြ အင်းနရစ်တို့ ပါဝင်နေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းက သူတို့အားလုံးကို ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ကြပေမယ့် နည်းပြအားလုံးက ရာသီကုန်မှသာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ချင်နေကြပါတယ်။

ဒါကြောင့်လည်း မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းကို ရေရှည် ကိုင်တွယ်မယ့် ထိပ်တန်း နည်းပြတဦးကို မခေါ်ယူနိုင်သေးခင် အသင်းကို ယာယီ ထိန်းကျောင်းပေးမယ့် ယာယီနည်းပြ တဦးကို ရှာဖွေနေပြီး ဘာစီလိုနာ နည်းပြဟောင်း ဗယ်ဗာဒီ ၊ ရိုးမားနည်းပြဟောင်း ဖွန်ဆီကာတို့လို နာမည်ကြီး နည်းပြတွေကို ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။

Photo Credit: Daily Mail

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်တဲ့ ရှမိုက်ကယ် ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ အင်္ဂလန်ပြင်ပ နည်းပြတွေကို ယာယီနည်းပြ အဖြစ် ခန့်အပ်ဖို့ထက် အသင်းရဲ့ အကြောင်းကို သိသလို ပရီးမီးယားလိဂ် အတွေ့အကြုံလည်း ရှိတဲ့ စတိဗ်ဘရုစ်ကိုသာ ယာယီနည်းပြ အဖြစ် ခန့်သင့်ကြောင်း တိုက်တွန်းသွားခဲ့ပါတယ်။

ရှမိုက်ကယ်က – “ကျွန်တော်ကတော့ ယာယီနည်းပြ ခန့်အပ်မယ့် အစီအစဉ်ကို သဘောတူပါတယ်။ တကယ်လို့ အသင်းရဲ့ အကြောင်းကို ထဲထဲဝင်ဝင် သိတဲ့ လူမျိုးကို ယာယီနည်းပြ အဖြစ် ခန့်ရင် ပိုလို့တောင် သဘောကျပါသေးတယ်။ အဲ့ဒီလိုမျိုး လုပ်ဖို့လည်း အကြံပေးချင်ပါတယ်။ စတိဗ်ဘရုစ်လိုမျိုး နည်းပြကို ယာယီနည်းပြ အဖြစ် ခန့်သင့်ပါတယ်။ ဒါဆိုရင် နှစ်ဖက်စလုံး အတွက် အကျိုးရှိနိုင်ပါတယ်။ ကျွ်နတော် ကတော့ အခုချိန်မှာ ကစားသမားတွေ အပေါ် ဖိအားပေးနိုင်မယ့် နည်းပြတဦးကို လိုချင်ပါတယ်။ ကစားကွက်ပိုင်း ၊ နည်းစနစ်ပိုင်းမှာ ကြီးကြီးမားမား မပြောင်းလဲပဲနဲ့ ကစားသမားတွေဆီ ကနေ အားထုတ်မှုတွေ ပိုပြီး ရအောင် ကြိုးစားနိုင်တဲ့ လူမျိုးပေါ့” လို့ အကြံပေးသွားခဲ့တာပါ။