ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ဂိုးသမားကြီး ပီတာ ရှမိုက်ကယ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၂-၁ ဘာစီလိုနာ ပွဲအပြီးမှာ မန်ချက်စတာ ယူနိုက်တက်ကို အချိန်တိုအတွင်းမှာ ဥရောပရဲ့ နာမည်ကြီးအသင်းတွေကို ရင်ဆိုင် အနိုင်ယူနိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်ကို သူ့ရဲ့ ဆရာဟောင်း ဆာအဲလက်စ် ဖာဂူဆန်နဲ့ ခိုင်းနှိုင်းကာ ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့က ယူရိုပါလိဂ် ၃၂သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲ အဖြစ် အင်္ဂလန်မြေမှာ ရင်ဆိုင် ကစားခဲ့ကြရာ ဧည့်သည် ဘာစီလိုနာက လီဝန်ဒေါစကီးရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ ပွဲကို ဦးဆောင်ခွင့် ရခဲ့ပေမယ့် ဒုတိယပိုင်းမှာ မန်ချက်စတာ ယူနိုက်တက်က အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲ့သလို ဖရက်ဒ် ၊ အန်တိုနီတို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၁ ဆိုတဲ့ ရလဒ်နဲ့ နိုင်ပွဲ ရကာ နောက်တဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က ယခုနှစ် ဘောလုံးရာသီ အစကမှ မန်ချက်စတာ ယူနိုက်တက်ကို စတင် တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပေမယ့် သူ့ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက်က ကစားပုံရော ၊ ရလဒ်ပိုင်းပါ သိသိသာသာ တိုးတက် ကောင်းမွန်လာသလို ဘာစီလိုနာ ၊ မန်ချက်စတာ စီးတီး ၊ စပါး ၊ အာဆင်နယ် ၊ လီဗာပူး စတဲ့ ထိပ်သီးအသင်းတွေကို အနိုင်ရထားပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေနဲ့ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက တန်ဟက်ဂ်ဟာ ယူနိုက်တက်ကို ကိုင်တွယ်ဖို့ မွေးဖွားလာတဲ့ နည်းပြကောင်းလို့ ချီးကျူးနေကြပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ဂိုးသမား တဦး ဖြစ်သူ ပီတာ ရှမိုက်ကယ်ကလည်း တန်ဟက်ဂ်ဟာ ဆာအဲလက်စ် ဖာဂူဆန် ထွက်ခွာပြီးနောက် မန်ချက်စတာ ယူနိုက်တက် စောင့်မျှော်ခဲ့ရတဲ့ နည်းပြမျိုး ဖြစ်ကြောင်း အထူးတလည် ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Mirror

ပီတာ ရှမိုက်ကယ်က – “မန်ချက်စတာ ယူနိုက်တက်ကို ဒီလိုပုံစံမျိုး ပြန်မြင်ရဖို့ အတွက် ၁၀နှစ်ကြာအောင် စောင့်ခဲ့ရပါတယ်။ ကျွန်တော်ကတော့ ဒီရာသီမှာ ယူနိုက်တက်က ဘယ်လို အောင်မြင်မှုမျိုးကိုမဆို ရယူနိုင်တယ်လို့ ယုံကြည်ထားပါတယ်။ မန်ချက်စတာ ယူနိုက်တက်က ဒီရာသီမှာ ဆုဖလားတွေကို ရယူနိုင်သလို ၊ မရခဲ့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က မန်ချက်စတာ ယူနိုက်တက် တိုးတက်လာတာကို မြင်နေရပါပြီ။ တန်ဟက်ဂ် တယောက် ယူနိုက်တက်ကို ကိုင်တွယ်ခဲ့တဲ့ နည်းလမ်းတွေကို ပြန်ကြည့်လိုက်ရင် သူဟာ နည်းပြကောင်း တယောက် ဆိုတာ အသေအချာ မြင်တွေ့နိုင်ပါတယ်။ ကျွန်တော်ကတော့ တန်ဟက်ဂ်ကို ကြည့်လိုက်ရင် ဆာအဲလက်စ် ဖာဂူဆန်ကို မြင်နေရသလို ခံစားရပါတယ်။ ပြီးတော့ ငါတို့တွေ မှန်ကန်တဲ့ နည်းပြကို ရပြီကွလို့လည်း တွေးမိပါတယ်” ဆိုပြီး တန်ဟက်ဂ်ကို ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။