MySport Myanmar

ဟွိုင်းလန်းနဲ့ တွမ်မီနေးကို ထွက်ခွာခွင့်ပေးတာ နားမလည်နိုင်ဘူးလို့ ရှမိုက်ကယ် ဆို

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ဂိုးသမားကြီး ပီတာ ရှမိုက်ကယ်က အန်တိုနီဟာ မန်ချက်စတာ ယူနိုက်တက်အတွက် ဘယ်တုန်းကမှ မလုံလောက်ခဲ့သူဖြစ်ကြောင်း ဝန်ခံပြောဆိုလိုက်ပေမယ့် စကော့ မက် တွမ်မီနေးနဲ့ ရက်စ်မက်စ် ဟွိုင်းလန်းတို့ကို အသင်းကနေ ဘာကြောင့်ထွက်ခွာခွင့်ပေးခဲ့သလဲဆိုတာကိုတော့ နားမလည်နိုင်အောင်ဖြစ်ရကြောင်း မေးခွန်းထုတ်လိုက်ပါတယ်။

အဆိုပါ ကစားသမားနှစ်ဦးဟာ ယူနိုက်တက်မှာ အသင်းအတွက် မလိုအပ်တော့သူများအဖြစ် သတ်မှတ်ခံခဲ့ရပြီးနောက် အခုအခါမှာတော့ အီတလီကလပ် နာပိုလီအသင်းမှာ အသင်းဖော်တွေအဖြစ် ပြန်လည်ဆုံတွေ့နေကြပြီဖြစ်ပါတယ်။

Photo Credit : Goal

ရှမိုက်ကယ်က Sky Bet နဲ့ တွေ့ဆုံရာမှာ “အန်တိုနီနဲ့ပတ်သက်ရင်တော့ ကိစ္စက ခြားနားပါတယ်။ သူက မန်ချက်စတာ ယူနိုက်တက်အတွက် ဘယ်တုန်းကမှ မလုံလောက်ခဲ့ပါဘူး။ ဟုတ်ပါတယ်၊ သူပွဲဦးထွက်မှာ ဂိုးသွင်းခဲ့တယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ပရီးမီးယားလိဂ์အတွက် လိုအပ်တဲ့အရည်အသွေးတွေ သူ့မှာမရှိဘူးဆိုတာ မြင်သာလာခဲ့ပါတယ်။ ဟော်လန်မှာတုန်းက ခြေစွမ်းပြောင်မြောက်တဲ့အသင်းတစ်သင်းမှာ ကစားခဲ့ရတော့ သူတောက်ပနေခဲ့တယ်။ ဒါပေမဲ့ ယူနိုက်တက်မှာက ပွဲအစကနေအဆုံးထိ အရှိန်က မရပ်မနားပဲ ဖိအားက အမြဲတမ်းရှိနေပြီး ပြိုင်ဘက်တိုင်းကလည်း သူတို့ရဲ့အကောင်းဆုံးခြေစွမ်းကို ထုတ်သုံးကြတယ်။ ဒီမှာအောင်မြင်ဖို့ဆိုရင် ထူးခြားတဲ့အရာတစ်ခုခု လိုအပ်ပြီး သူ့မှာ အဲ့ဒါမရှိခဲ့ပါဘူး” လို့ သုံးသပ်ခဲ့ပါတယ်။

“ကျွန်တော့်ကို တကယ်ရင်နာစေခဲ့တာကတော့ ဟွိုင်းလန်းပါပဲ။ သူသာဆိုရင် မန်ချက်စတာ ယူနိုက်တက်အတွက် တစ်ရာသီ (၂၅)ဂိုး သွင်းပေးနိုင်မယ့် တိုက်စစ်မှူးတစ်ယောက် ဖြစ်လာနိုင်တယ်လို့ ကျွန်တော်ရိုးသားစွာ ယုံကြည်တယ်။ ပြဿနာက သူမဟုတ်ဘူး။ အသင်းရဲ့ကစားပုံကြောင့်ပါ။ ကစားကွက်က သူနဲ့အံမဝင်ခဲ့ဘူး။ ဂါနာချို ဒါမှမဟုတ် ရပ်ရှ်ဖို့ဒ်လို ကစားသမားတွေ ဘောလုံးရသွားရင် သူတို့ကိုယ်တိုင်ပဲ ကန်ဖို့ ကြည့်နေကြတယ်။ ရက်စ်မက်စ်က အကောင်းဆုံးပြေးလွှားမှုတွေ လုပ်နေခဲ့ပေမယ့် နံပါတ် (၉)တိုက်စစ်မှူးဆီကို ဘောလုံးထောက်ပံ့မှုက ဘယ်တော့မှ ရောက်မလာခဲ့ဘူး”

Photo Credit : Football Tweet’s X

“ဒါကို ပရိသတ်တွေ မြင်ပါတယ်။ သူတို့က ဟွိုင်းလန်းကို ချစ်ခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ သူက တိုက်ခိုက်တယ်။ ပြေးလွှားတယ်။ အရာအားလုံးကို ပေးဆပ်ခဲ့တယ်။ တခြားတိုက်စစ်မှူးမရှိလို့ ပွဲတိုင်းလည်း ကစားခဲ့ရတယ်။ ဒါပေမဲ့ ဘောလုံးထောက်ပံ့မှုမရှိဘဲ သူကရော ဘာများပိုလုပ်နိုင်ဦးမှာလဲ? သူ့ကို အငှားစာချုပ်နဲ့ပဲ ထွက်သွားခွင့်ပေးခဲ့လို့ ကျွန်တော်ဝမ်းသာပါတယ်။ သူ နာပိုလီမှာ (၂၅)ဂိုးလောက် သွင်းပြပြီး အိုးလ်ထရက်ဖို့ဒ်ကလူတွေ ‘ငါတို့ သူ့ကိုပြန်ခေါ်မှဖြစ်တော့မယ်’ လို့ တွေးလာကြဖို့ မျှော်လင့်ပါတယ်။ သူက နာပိုလီအတွက် မိနစ် ၃၀ အတွင်းမှာပဲ ဂိုးသွင်းပြခဲ့ပြီးပြီ။ သူက ကျွန်တော်တို့ရဲ့ ကစားသမားဖြစ်နေသေးတယ်၊ အဲ့ဒါက အကောင်းမြင်စရာတစ်ခုပါပဲ” လို့ ဆိုလိုက်ပါတယ်။

တွမ်မီနေးနဲ့ပတ်သက်လို့တော့ ရှမိုက်ကယ်က “သူ့အကြောင်းကိုတော့ ‘ဘာကြောင့်လဲ?’ ဆိုတာကလွဲပြီး ကျွန်တော် ဘာမှမပြောနိုင်တော့ဘူး။ ဘာလို့ သူ့ကို ထွက်ခွာခွင့်ပေးခဲ့တာလဲ?” လို့ ရိုးရှင်းစွာ မေးခွန်းထုတ်ခဲ့ပါတယ်။ အသင်းရဲ့ အကယ်ဒမီထွက် တွမ်မီနေးဟာ ၂၀၂၄ နွေရာသီမှာ နာပိုလီကို ပြောင်းရွှေ့ခဲ့ပြီး သူ့ရဲ့ပထမဆုံးရာသီမှာပဲ စီးရီးအေ ချန်ပီယံဆုနဲ့ MVP ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ချိန်မှာ ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်မှာ အဆင့် (၁၅)နေရာနဲ့သာ ရုန်းကန်အဆုံးသတ်ခဲ့ရပါတယ်။

Exit mobile version