ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ဂိုးသမားကြီး တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် ရံဖန်ရံခါ လုပ်ကိုင် ဆောင်ရွက်နေတဲ့ ပီတာ ရှမိုက်ကယ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၂-၂ ဆီဗီးလား ပွဲစဉ်မှာ အသင်းဖော် မာတီနက်ဇ် တယောက် ဒဏ်ရာရသွားတာကို ရပ်ကြည့်နေတဲ့ မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းယားအား ခေါင်းဆောင်နိုင်စွမ်း မရှိသူလို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ဆီဗီးလားတို့က ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် ယူနိုက်တက်ရဲ့ အိမ်ကွင်း ဖြစ်တဲ့ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြတာ ဖြစ်ပြီး အဆိုပါပွဲမှာ မန်ချက်စတာ ယူနိုက်တက်က ဦးဆောင်ဂိုး ၂ဂိုး အရင် သွင်းနိုင်ခဲ့ပေမယ့် ချေပဂိုးတွေ ပြန်ပေးခဲ့ရတာကြောင့် ၂-၂ ဆိုတဲ့ ရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။

Photo Credit: The Sun

မန်ချက်စတာ ယူနိုက်တက် ၂-၂ ဆီဗီးလား ပွဲစဉ်မှာ လူပြောများခဲ့တဲ့ ဖြစ်ရပ်ကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ဗဟိုခံစစ်မှူး မာတီနက်ဇ် တယောက် ပွဲပြီးခါနီးမှာ ဒဏ်ရာကြောင့် ကွင်းထဲကနေ မဖြစ်မနေ ထွက်ခွာခဲ့ရတဲ့ ဖြစ်ရပ် ဖြစ်ပြီး မာတီနက်ဇ် ဒဏ်ရာရသွားချိန်မှာ မန်ချက်စတာ ယူနိုက်တက်က လူစားလဲခွင့် ကုန်နေတာကြောင့် ၁၀ယောက်ထဲနဲ့ ပွဲကို ဆက်လက် ယှဉ်ပြိုင်ခဲ့ရကာ ၁၁ယောက် ၊ ၁၀ယောက် ဖြစ်သွားချိန်မှာ ဆီဗီးလားက မန်ချက်စတာ ယူနိုက်တက်ကို နောက်ကျ ချေပဂိုး သွင်းသွားခဲ့တာပါ။

မာတီနက်ဇ်က ဘောလုံးကို ဆွဲပြေးဖို့ ကြိုးစားရင်း ခြေသန်းရိုးကျိုးဒဏ်ရာ ရသွားခဲ့တာ ဖြစ်ပြီး အဆိုပါဒဏ်ရာ ရသွားချိန်မှာပဲ ဆီဗီးလားမှာ ကစားနေကြတဲ့ အာဂျင်တီးနား ကစားသမားတွေ ဖြစ်တဲ့ အကူနာနဲ့ မွန်တီရယ်တို့က မာတီနက်ဇ်ကို ကွင်းထဲမှာ ဆေးကုသခွင့် မပေးပဲ ကွင်းပြင်ကို သယ်ထုတ်သွားကြပါတယ်။

Photo Credit: The Sun

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ဂိုးသမား ဖြစ်သူ ပီတာ ရှမိုက်ကယ်က အဆိုပါဖြစ်ရပ် အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားကို ဒေါသထွက်နေပြီး တကယ်ဆိုရင် မာတီနက်ဇ်ကို ကွင်းထဲမှာ ဆေးကုသကာ အချိန်ဆွဲပြီး အသင်းရဲ့ ကစားပုံကို ပြန်လည် စုဖွဲ့ခဲ့သင့်ကြောင်းနဲ့ မက်ဂွိုင်းယားက အခြေအနေကို ကောင်းကောင်း မသုံးသပ်နိုင်သလို အသင်းကို ခေါင်းဆောင်နိုင်စွမ်းလည်း မရှိကြောင်း ဝေဖန်ခဲ့ပါတယ်။

ပီတာ ရှမိုက်ကယ်က – “ဆီဗီးလား ကစားသမားတွေက သဘောကောင်းလွန်းလို့ မာတီနက်ဇ်ကို ကွင်းပြင်ထုတ်သွားကြတာ မဟုတ်ပါဘူး။ သူတို့က မာတီနက်ဇ်ကို ကွင်းထဲကနေ ခပ်မြန်မြန် ထွက်သွားစေချင်တာပါ။ ဒါမှပဲ သူတို့က ၁၁ယောက်နဲ့ ၁၀ယောက် ကစားလို့ ရမှာပေါ့။ ယူနိုက်တက်ရဲ့ ကစားသမားတွေက ဆီဗီးလား ကစားသမားတွေ အဲ့ဒီလိုမျိုး လုပ်နေတာကို တားဆီးခဲ့သင့်ပါတယ်။ ဒါက ကွင်းထဲမှာ ခေါင်းဆောင်နိုင်စွမ်း ပျောက်ဆုံးနေတာကို ပြသနေပါတယ်။ ဟယ်ရီ မက်ဂွိုင်းယားက ဒီအခြေအနေကို ကောင်းကောင်းကြီး ကိုင်တွယ်နိုင်ခဲ့သင့်ပါတယ်။ ယူနိုက်တက်ရဲ့ ကစားသမားတွေက ဆီဗီးလား ကစားသမားတွေကို တားပြီး ဆေးအဖွဲ့ကို ကွင်းထဲ လာအောင် လုပ်ရမှာပါ။ ပြီးရင် ဆေးအဖွဲ့က မာတီနက်ဇ်ကို ကုသနေတဲ့ အချိန်မှာ အသင်းရဲ့ ကစားပုံကို ပြန်ဖွဲ့ခဲ့သင့်ပါတယ်။ သူတို့က ချက်ချင်းကြီး မာတီနက်ဇ်ကို ထွက်ခိုင်းလိုက်တော့ လူစုဖို့ အခွင့်အရေး မရတော့သလို ၁၀ယောက်လုံးက ကိုယ်တာဝန်ယူရမယ့် နေရာတွေကို မသိကြတော့ပါဘူး” လို့ ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။