ပရီးမီးယားလိဂ် ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ ဝက်စ်ဟမ်းက သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းနိုင်ဖို့ ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ဆကာမက်ကာကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အသင်းကြီးတွေကို ခြိမ်းခြောက်နိုင်စွမ်း ရှိလာတဲ့ ဝက်စ်ဟမ်းက လာမယ့် ဘောလုံးရာသီမှာ အသင်းကြီးတွေနဲ့ ယှဉ်ပြိုင်ကာ ဥရောပဝင်ခွင့်ကို ခြိမ်းခြောက်နိုင်ဖို့ အရည်အသွေးမြင့် တိုက်စစ်မှူး တဦးကို ခေါ်ယူချင်နေပြီး ဆက်ဆူအိုလို တိုက်စစ်မှူး ဆကာမက်ကာဟာ သူတို့အသင်းရဲ့ ထိပ်တန်း ပစ်မှတ် ကစားသမား တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Team Talk

ဝက်စ်ဟမ်းက ဆကာမက်ကာကို ခေါ်ယူဖို့ ယခုနှစ် နွေဈေးကွက် စတင်ချိန်ကတည်းက စိတ်ဝင်စားခဲ့ပေမယ့် ပီအက်စ်ဂျီက စကာမက်ကာကို ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးပမ်းနေတာကြောင့် ဆကာမက်ကာကို ခေါ်ယူဖို့ ကြိုးပမ်းနေမှုအား ရပ်တန့်ခဲ့တာ ဖြစ်ပြီး ပီအက်စ်ဂျီနဲ့ ဆက်ဆူအိုလိုတို့ ကြားမှာ ဆကာမက်ကာ အတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရန် ခက်ခဲနေချိန်မှသာ ဆကာမက်ကာကို ခေါ်ယူဖို့ ပြန်လည် ကြိုးပမ်းလာတာပါ။

နာမည်ကြီး အီတလီ သတင်းထောက် ဖြစ်သူ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ဝက်စ်ဟမ်းက ယမန်နေ့ညမှာပဲ ဆကာမက်ကာကို ခေါ်ယူဖို့ အတွက် ဆက်ဆူအိုလိုထံ ဆက်သွယ်ထားပြီး ဆက်ဆူအိုလိုဘက်က ဆကာမက်ကာ အတွက် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းကို ပေးချေဖို့ အဆင်သင့် ရှိနေကြောင်းလည်း သိရပါတယ်။

Photo Credit: Team Talk

အသက် ၂၃နှစ် အရွယ် အီတလီ လက်ရွေးစင် တိုက်စစ်မှူး ဆကာမက်ကာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆက်ဆူအိုလိုနဲ့ တောက်ပခဲ့တဲ့ လူငယ် တိုက်စစ်မှူး တဦး ဖြစ်ပြီး သူ့ရဲ့ နေရာယူ ကောင်းမွန်မှုနဲ့ အဆုံးသတ် ကျွမ်းကျင်မှုတို့ကြောင့်ပဲ ပီအက်စ်ဂျီက သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပေမယ့် ပီအက်စ်ဂျီက ဆကာမက်ကာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းသာ သုံးစွဲချင်နေတာကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ ခဲယဉ်းနေတာပါ။