အအာဂျင်တီးနားလက်ရွေးစင် ဘောလုံးအသင်းရဲ့ နည်းပြဖြစ်သူ လီယွန်နယ်စကာလိုနီဟာ အာဂျင်တီးနားအသင်းကို အကောင်းဆုံး စွမ်းဆောင်ပေးနိုင်တာကြောင့် အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က စကာလိုနီကို ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်လိုက်သလို စကာလိုနီ ကိုယ်တိုင်ကလည်း အာဂျင်တီးနားနည်းပြအဖြစ် အချိန်ကြာမြင့်စွာ လုပ်ဆောင်သွားချင်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။
Photo Credit : Mundo Albiceleste
အသက်(၄၄)နှစ်အရွယ်ရှိ အာဂျင်တီးနား wing-back ကစားသမားဟောင်းကြီး စကာလိုနီဟာ ဘောလုံးသမားဘဝကနေ အနားယူခဲ့ပြီးနောက်မှာ ဆီဗီလာ လက်ထောက်နည်းပြနဲ့ အာဂျင်တီးနား လက်ထောက်နည်းပြတွေအဖြစ် လုပ်ကိုင်ဆောက်ရွက်ရင်းနဲ့ ၂၀၁၈ခုနှစ်မှာ အာဂျင်တီးနားရဲ့ ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ရပါတယ်။ စကာလိုနီလက်ထက်မှာတော့ အာဂျင်တီးနားက ပုံစံကောင်းတွေ ပြသလာနိုင်ပြီး ၂၀၂၁ခုနှစ် ကိုပါအမေရိကဖလားနဲ့ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ ဥရောပနဲ့ တောင်အမေရိက ချန်ပီယံများဖလား Finalissima ဖလားကိုလည်း ရယူပေးနိုင်ခဲ့ပါတယ်။
Photo Credit : MSC Football
စကာလိုနီဟာ အာဂျင်တီးနားအသင်းကို ၂၀၁၉ခုနှစ် ကိုပါအမေရိကပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်မှာ ဘရာဇီးလ်နဲ့ ပွဲစဉ်အတွင်း ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ကစားခဲ့သမျှ ပွဲစဉ်တွေ တောက်လျှောက် (၃၅)ပွဲအထိကို ရှံးပွဲ လုံးဝမရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ အဲ့ဒီ (၃၅)ပွဲမှာ (၁၀)ပွဲသာ သရေကျထားခဲ့ပြီး ကျန်တဲ့ (၂၅)ပွဲလုံးကိုတော့ နိုင်ပွဲရအောင် လုပ်ဆောင်ပေးနိုင်တဲ့အပြင် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၅)ပွဲဆက်မှာလည်း အီကွေဒေါနဲ့ တစ်ပွဲတည်းသာ ပေးဂိုးတစ်ဂိုး ခွင့်ပြုခဲ့ရပါတယ်။ ဒါကြောင့် အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က စကာလိုနီကို လာမယ့် ၂၀၂၆ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲထိ သက်တမ်းရှိမယ့် စာချုပ်သက်တမ်း တိုးမြှင့်လိုက်ပါတယ်။ အခုလို အာဂျင်တီးနားနဲ့ သက်တမ်းတိုးနိုင်ခဲ့တဲ့ စကာလိုနီက “ကျွန်တော် ဒီအသင်းအဖွဲ့နဲ့ ဆက်လက် လက်တွဲသွားချင်ပါတယ်။ ဒါက ကျွန်တော်ရဲ့ စိတ်ဆန္ဒပါပဲ။ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေက ကောင်းမွန်ပါတယ်” လို့ ပြောကြားလိုက်ပါတယ်။ စကာလိုနီဟာ ဘောလုံးအဖွဲ့ချုပ်ရဲ့ တာဝန်ရှိသူတွေ နည်းပြအဖွဲ့ဝင်တွေအပြင် ကစားသမားတွေနဲ့ပါ အဆင်ပြေနေတဲ့သူဖြစ်လို့ အသင်းရလဒ်တွေပါ ကောင်းမွန်နေရတဲ့အပြင် အလှမ်းဝေးနေရတဲ့ ကမ္ဘာ့ဖလား အောင်မြင်မှုတွေကိုပါ မျှော်လင့်နိုင်မယ့် အခြေအနေမှာပါ ရှိနေပါတယ်။