အာဂျင်တီးနားအသင်းရဲ့ နည်းပြဖြစ်သူ စကာလိုနီ ကတော့ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ အီကွေဒေါအသင်းနဲ့ ကိုပါအမေရိကဖလား ကွာတားဖိုင်နယ် ပွဲစဉ် အပြီးမှာတော့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ချီးကျူး ပြောကြားသွားပါတယ်။

အာဂျင်တီးနားအသင်းက အီကွေဒေါအသင်းကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ မက်ဆီဟာ ဒီပေါလ်နဲ့ မာတီနက်ဇ်တို့ရဲ့ သွင်းဂိုးတွေကို ဖန်တီးပေးနိုင်ခဲ့သလို ကိုယ်တိုင်လည်း ပွဲပြီးခါနီးမှာ ပြစ်ဒဏ်ဘောကို တိုက်ရိုက် ကန်သွင်းကာ သွင်းဂိုး တဂိုး ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Marca

မက်ဆီဟာ အသက် ၃၄နှစ် အရွယ် ရှိနေပြီ ဖြစ်ပေမယ့် လက်ရှိအချိန်အထိ ကလပ်အသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်း အတွက်ရော အာဂျင်တီးနားအသင်း အတွက်ပါ မရှိမဖြစ် ကစားသမား တဦး ဖြစ်နေဆဲ ဖြစ်ပြီး လက်ရှိ ကိုပါအမေရိကပြိုင်ပွဲမှာ ၅ပွဲ ကစားထားတဲ့ အချိန်မှာ သွင်းဂိုး ၄ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ပြိုင်ပွဲရဲ့ သွင်းဂိုး အများဆုံး ကစားသမား အဖြစ်ရော ၊ ဂိုးဖန်တီးမှု အများဆုံး ကစားသမား အဖြစ်ပါ ရပ်တည်နေပါတယ်။

ဒါကြောင့်ပဲ မက်ဆီဟာ ကိုပါအမေရိကပြိုင်ပွဲရဲ့ ပြိုင်ပွဲတလျှောက် အကောင်းဆုံး ကစားသမားဆုကို ရရှိဖို့ ရေပန်းအစားဆုံး ကစားသမား ဖြစ်နေကာ မက်ဆီရဲ့ အာဂျင်တီးနား အသင်းကလည်း ကိုပါအမေရိကပြိုင်ပွဲကို ဗိုလ်စွဲဖို့ ဘရာဇီးလ်အသင်းနဲ့ အပြိုင် ရေပန်းစားနေပါတယ်။

Photo Credit: Marca

လက်ရှိမှာတော့ မက်ဆီရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး ဘောလုံးပရိသတ်တွေ အပြင် ဘောလုံးရေးရာ သုံးသပ်ဝေဖန်သူတွေကပါ ချီးကျူးမှုတွေ ပြုလုပ်နေသလို အာဂျင်တီးနားအသင်းရဲ့ နည်းပြ စကာလိုနီ ကတော့ မက်ဆီဟာ လက်ရှိအချိန်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ရုံသာမက ကမ္ဘာ့ဘောလုံး သမိုင်းထဲမှာပါ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ဆိုလာပါတယ်။

မက်ဆီနဲ့ ပတ်သတ်ပြီး စကာလိုနီက – “ဒီပွဲကတော့ လီယို(မက်ဆီ)ရဲ့ ပွဲပါပဲ။ နေ့တိုင်း ချီးကျူးစကားတွေ ကြားရလွန်းလို့ သူ ပင်ပန်းနေပြီလား ဆိုတာတောင် ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့လို ဘောလုံးကို ချစ်မြတ်နိုးတဲ့လူတွေ အတွက် အကောင်းဆုံး အရာက ကိုယ်ချစ်တဲ့ ဘောလုံးသမားတွေဟာ ဘယ်အရွယ်မှာမဆို အကောင်းဆုံး ကစားနိုင်စွမ်း ရှိတာကို မြင်နေရတာပါပဲ။ မက်ဆီက သူ့ရဲ့ ပြိုင်ဘက် ကစားသမားတွေတောင် သူ့ရဲ့ ခြေစွမ်းကို သဘောကျရတဲ့ အထိ ကောင်းတဲ့ ကစားသမားပါ။ ကျွန်တော်တို့က ကမ္ဘာ့ဘောလုံးလောကရဲ့ သမိုင်းမှာ အကောင်းဆုံး ကစားသမားရဲ့ အကြောင်းကို ပြောနေရတာပါ။ သူ့လို အဆင့်အတန်းမျိုးကို ရောက်ဖို့ ဆိုတာဟာ အရမ်းကို ခက်ခဲပါတယ်။ တခါတလေ နေမာက မက်ဆီရဲ့ အဆင့်အတန်းမျိုးကို ရောက်ပေမယ့် အမြဲတမ်းတော့ မဟုတ်ပါဘူး။ မက်ဆီကတော့ ဒီခြေစွမ်းကို အရင်ကရော အခုရော အနာဂတ်မှာပါ ဆက်ပြီး ထိန်းထားနိုင်မယ့် ကစားသမားပါ” လို့ ပြောဆိုသွားပါတယ်။