အာဂျင်တီးနားအသင်းကို ကိုပါအမေရိကဖလားနဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ချန်ပီယံ ဖြစ်အောင် ဦးဆောင်ပေးထားတဲ့ နည်းပြချုပ် စကာလိုနီက သူဟာ မကြာခင်မှာ အာဂျင်တီးနား နည်းပြချုပ်ရာထူး ကနေ နုတ်ထွက်ဖွယ် ရှိနေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၄၅နှစ် အရွယ် အာဂျင်တီးနားလူမျိုး နည်းပြချုပ် စကာလိုနီက ၂၀၁၈ခုနှစ်မှ စတင်ကာ အာဂျင်တီးနားအသင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက အာဂျင်တီးနားရဲ့ နည်းပြချုပ် အဖြစ် ၅နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

Photo Credit: Bein Sports

စကာလိုနီက အာဂျင်တီးနားကို စတင် တာဝန်ယူခဲ့ချိန်မှာ အသင်းရဲ့ ကစားပုံကို ဦးစွာ ပြောင်းလဲခဲ့ပြီး ယခင်လို တိုက်စစ်အသားပေး ကစားဟန်ထက် တိုက်စစ် ၊ ခံစစ် မျှတတဲ့ ကစားဟန်ကိုသာ ကစားခိုင်းခဲ့ကာ သူ့ရဲ့ နည်းစနစ် အပြောင်းအလဲကြောင့်ပဲ အာဂျင်တီးနားဟာ အသင်းခေါင်းဆောင် မက်ဆီကို အားပြု ကစားလွန်းတဲ့ အခြေအနေ ကနေ အသင်းလိုက် ကစားအားကို အားပြု ကစားတဲ့ အသင်းအဖြစ် ပြောင်းလဲလာပါတယ်။

မက်ဆီအပေါ် မှီခိုမှု နည်းပါးလာသလို အသင်းလိုက် ကစားပုံပါ တိုးတက်လာတာကြောင့် အာဂျင်တီးနားက ပြိုင်ပွဲကြီးတွေမှာ တောက်လျှောက် အောင်မြင်မှုတွေ ရရှိခဲ့ပြီး ၂၀၂၀ ကိုပါအမေရိကဖလား ၊ ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ၂၀၂၁ ဥရောပတိုက်-တောင်အမေရိကတိုက် ချစ်ကြည်ရေးဖလား စတဲ့ အထင်ကရ ဆုဖလား ၃လုံး အထိ ရယူနိုင်ခဲ့ပါတယ်။

စကာလိုနီက အာဂျင်တီးနား အတွက် အထင်ကရ ဆုဖလား ၃လုံး အထိ ရယူပေးနိုင်ခဲ့တာကြောင့် အာဂျင်တီးနား ကစားသမားတွေနဲ့ ပရိသတ်တွေက သူ့ကို ချစ်ခင်ကြပေမယ့် စကာလိုနီကတော့ အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်ရဲ့ တာဝန်ရှိသူ တချို့နဲ့ ဆက်ဆံရေး အဆင်မပြေပါဘူး။

Photo Credit: Standard

ဒါကြောင့်ပဲ စကာလိုနီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရာဇီးလ် ၀-၁ အာဂျင်တီးနား ပွဲအပြီးမှာ သူက အနာဂတ် အတွက် စတင် စဉ်းစားနေပြီ ဖြစ်ကြောင်းနဲ့ အာဂျင်တီးနားဟာ အမြဲတမ်း တက်ကြွနေတဲ့ နည်းပြတဦးကို လိုအပ်နေပြီ ဖြစ်ကြောင်း ထုတ်ပြောလာခဲ့ပါတယ်။

စကာလိုနီက – “ကျွန်တော်ကတော့ အနာဂတ် အတွက် စဉ်းစားချိန်တန်ပြီလို့ ထင်ပါတယ်။ တသင်းလုံးက ကျွန်တော့်ကို ထာဝရ ရှိနေစေချင်ပါတယ်။ ဒါပေမယ့် အာဂျင်တီးနားရဲ့ နည်းပြအဖြစ် လုပ်ကိုင်ဖို့ ခွန်အားတွေ လိုအပ်ပါတယ်။ ကျွန်တော့်ဘက်က အသင်းကို နှုတ်ဆက်နေတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အာဂျင်တီးနားရဲ့ အဆင့်အတန်းနဲ့ မျှော်လင့်ချက်က အရမ်းကို မြင့်မားလွန်းပါတယ်။ အသင်းက အမြဲတမ်း တက်ကြွနေမယ့် နည်းပြတဦးကို လိုအပ်နေပါပြီ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။