ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စုCရဲ့ အုပ်စုနောက်ဆုံးပွဲ တပွဲ ဖြစ်တဲ့ အာဂျင်တီးနားနဲ့ ပိုလန်တို့ရဲ့ ပွဲမှာတော့ လီယွန်နယ် မက်ဆီ ဦးဆောင်လာတဲ့ အာဂျင်တီးနားက ဒုတိယပိုင်း သွင်းဂိုးတွေနဲ့အတူ ပိုလန်ကို အနိုင်ရကာ ၁၆သင်း ရှုံးထွက်အဆင့်ဆီ အုပ်စုဗိုလ်အဖြစ်နဲ့ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

အုပ်စုအဖွင့်ပွဲမှာ ဆော်ဒီကို အရေးနိမ့်ထားတဲ့ အာဂျင်တီးနားက အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ အုပ်စုနောက်ဆုံးပွဲ ဖြစ်တဲ့ ပိုလန်နဲ့ပွဲမှာ မဖြစ်မနေ အနိုင်ယူဖို့ လိုအပ်ခဲ့ပြီး ပိုလန်ကတော့ သရေတမှတ် ရယူနိုင်ရုံနဲ့ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

ဒါကြောင့် အာဂျင်တီးနားနဲ့ ပိုလန်တို့ တွေ့ဆုံတဲ့ ပွဲစဉ်မှာ အာဂျင်တီးနားက ပွဲစပွဲဆုံး အဆက်မပြတ် တိုက်စစ်ဆင် ကစားသွားခဲ့ပြီး ပိုလန်ကတော့ ခံစစ်မှာသာ အချိန်ကုန်ခဲ့ရပါတယ်။ တပွဲလုံးနီးပါး တိုက်စစ်ဆင် ကစားခဲ့ပေမယ့် အာဂျင်တီးနားက ဒုတိယပိုင်း ရောက်မှသာ အနိုင်ဂိုးတွေကို စတင် ရရှိခဲ့ကာ အာဂျင်တီးနား အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၄၆မိနစ်မှာ ကွင်းလယ်လူ အယ်လစ္စတာနဲ့ ပွဲချိန် ၆၇မိနစ်မှာ တိုက်စစ်မှူး အယ်ဗာရက်ဇ်တို့က အသီးသီး သွင်းယူပေးသွားခဲ့တာပါ။

ပိုလန်ကို အနိုင်ရခဲ့တာကြောင့် အာဂျင်တီးနားက အုပ်စုCရဲ့ အုပ်စုဗိုလ် ဖြစ်ခဲ့ပြီး ၁၆သင်း ရှုံးထွက်အဆင့်မှာ အုပ်စုDရဲ့ အုပ်စု ဒုတိယ ရထားတဲ့ ဩစတေးလျနဲ့ ရင်ဆိုင် ယှဉ်ပြိုင်ရမှာပါ။ အာဂျင်တီးနားနည်းပြ စကာလိုနီကတော့ နောက် ၃ရက် အကြာမှာ ယှဉ်ပြိုင် ကစားရမယ့် ဩစတေးလျနဲ့ ပွဲစဉ်အတွက် ပြင်ဆင်ချိန် နည်းနည်းပဲ ရတဲ့ အပေါ် စိတ်ပျက်မိကြောင်း အာဂျင်တီးနား ၂-၀ ပိုလန် ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Mirror

စကာလိုနီက – “ဒီနေ့မှာ နိုင်ပွဲရခဲ့လို့ ကျွန်တော်တို့က ပျော်ရွှင်ရပါတယ်။ ဒါပေမယ့် အပြည့်အဝ ပျော်တာမျိုးတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့က နောက်ထပ် ၂ရက်ကြာရင် ပွဲတပွဲ ထပ်ကစားရဖို့ ရှိနေလို့ပါ။ ကျွန်တော်ကတော့ ဒီလို ပွဲစီစဉ်မှုမျိုးကို နားမလည်နိုင်ပါဘူး။ အခုဆိုရင် ကျွန်တော်တို့ပွဲက နေ့လယ် ၁နာရီ ဝန်းကျင်မှာ ပြီးသွားခဲ့ပါတယ်။ ကျွန်တော်တို့က နောက်ထပ် ၂ရက် ကြာပြီးရင် ဒီနေ့လိုမျိုး ပွဲတပွဲ ထပ်ကစားရဦးမယ်။ ဒီတော့ ကျွန်တော်တို့ အတွက် နားချိန်နဲ့ ပြင်ဆင်ချိန်က ၂ရက်ခွဲပဲ ရှိပါတယ်။ ကျွန်တော်တို့က အုပ်စုဗိုလ် ဖြစ်ခဲ့တာတောင် အခုလိုမျိုး နားချိန် နည်းနည်းပဲ ရခဲ့တာဟာ မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့က နားချိန်တွေ ပိုရသင့်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။