MySport Myanmar

ကျောနံပါတ်(၈)က သူ့အတွက် အရမ်းကို အဓိပ္ပာယ်ရှိလွန်းတယ်လို့ ဖာနန်ဒက်စ် ဖွင့်ဟပြောဆို

လာမယ့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ လက်ရှိ ဝတ်ဆင်နေတဲ့ ကျောနံပါတ်(၁၈)ကနေ ကျောနံပါတ်(၈)ကို ပြောင်းလဲဝတ်ဆင်ရတော့မယ့် မန်ချက်စတာယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က အခု သူပြောင်းလဲဝတ်ဆင်ရတော့မယ့် ကျောနံပါတ်(၈)ဟာ သူ့အတွက် အဓိပ္ပာယ်ရှိလွန်းနေပြီး သူရဲ့ဖခင် ဘောလုံးကစားတုန်းကလည်း အဲ့ဒီကျောနံပါတ်ကိုသာ ဝတ်ဆင်ခဲ့တဲ့ ရာဇဝင်ရှိခဲ့တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Star

ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာစဉ်ကတည်းကနေ ပြီးခဲ့တဲ့ ဘောလုံးရာသီအထိ ကျောနံပါတ်(၁၈)ကို ဝတ်ဆင်ခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ယူနိုက်တက်ရဲ့ ကျောနံပါတ်(၈)ပိုင်ရှင် ဟွမ်မာတာက အသင်းနဲ့ လမ်းခွဲသွားတာကြောင့် ဖာနန်ဒက်စ်က မာတာရဲ့ ကျောနံပါတ်ကို ပြောင်းလဲဆက်ခံသွားခဲ့ရတာ ဖြစ်ပါတယ်။ ဖာနန်ဒက်စ်က သူရဲ့ကလပ်အသင်းဟောင်းတွေဖြစ်တဲ့ စပို့တင်းလစ္စဘွန်းနဲ့ အူဒီးနီးစ်အသင်းတွေမှာ ကျောနံပါတ်(၈)ကို ဝတ်ဆင်ခဲ့သလို သူရဲ့ ညာဘက်လက်ဖျံမှာလည်း (၈)ဂဏန်းကိုပါ တတ်တူးရေးထိုးထားခဲ့ပါတယ်။

Photo Credit : talkSPORT

အဲ့ဒီ (၈)ဂဏန်းနဲ့ ပတ်သက်ပြီး ဖာနန်ဒက်စ်က “အဲ့ဒီကျောနံပါတ်က ကျွန်တော့်အတွက်တော့ အများကြီး အဓိပ္ပာယ်ရှိတယ်။ ကျွန်တော့်အဖေ ဘောလုံးကစားသမားဖြစ်တုန်းက ဒီနံပါတ်နဲ့ပဲ ကစားခဲ့တာဆိုတော့ အဲ့ဒီနံပါတ်နောက်မှာ သမိုင်းတွေရှိနေတယ်။ သူက အလုပ်ကနေ ကမ်းလှမ်းမှုတွေ ရှိလာခဲ့လို့ ဘောလုံးကစားခြင်းကနေ နုတ်ထွက်ခဲ့ပြီး အဲ့ဒီအချိန်က ကျွန်တော်ရယ် ကျွန်တော့်အစ်ကိုတွေရယ် မိသားစုဝင်တွေအားလုံးက အဖေ ဘောလုံးကစားတာထက် မှန်ကန်တဲ့ အလုပ်က ပိုကောင်းတယ်လို့ ထင်ခဲ့ကြတယ်။ အဖေ ဘောလုံးကစားခဲ့တဲ့ နှစ်နှစ်တာအတွင်းမှာ အဖေက ကျောနံပါတ်(၈)ကို ဝတ်ဆင်ခဲ့ပါတယ်။ ဘောလုံးသမားတစ်ဦး ဖြစ်လာဖို့က အဖေရဲ့ အိမ်မက်ဖြစ်သလို အဲ့ဒီအိမ်မက်ကလည်း အဖေကြောင့် ကျွန်တော့်အတွက်ပါ အိမ်မက်တစ်ခုလို ဖြစ်လာခဲ့ရတယ်။ နံပါတ်(၈)က ကျွန်တော်ရဲ့ မွေးနေ့ရက် ဖြစ်ပါတယ်။ ဒါကြောင့် ဒီနံပါတ်(၈)က ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် အများကြီးကို အဓိပ္ပာယ်ရှိနေတယ်။ ဒါကြောင့်လည်း အရင်ကလည်း ဒီနံပါတ်ကို ဝတ်ဆင်ခဲ့သလို ဝတ်ဆင်ခဲ့ရတာလည်း အရမ်းသဘောကျမိတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Exit mobile version