ပရီးမီးယားလိဂ် ကစားသမားဟောင်း တဦး ဖြစ်သူ ရော်ဘီဆာဗစ် ကတော့ လီဗာပူးအသင်းနဲ့ အတူ ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရိုနယ်ဒို ၊ ပီအက်စ်ဂျီ တိုက်စစ်မှူးတွေ ဖြစ်တဲ့ မက်ဆီနဲ့ အမ်ဘာပေတို့ထက် ပိုမို ကောင်းမွန်နေပြီ လို့ ချီးကျူးသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အီဂျစ် လက်ရွေးစင် အသင်းခေါင်းဆောင် ဆာလာဟာ ရိုးမားအသင်း ကနေ လီဗာပူးအသင်းထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး အဖြစ် ခြေစွမ်းပြနေသူ ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ၁၀ဦး စာရင်းဝင်သူလည်း ဖြစ်ပါတယ်။

Photo Credit: Metro

ဆာလာဟာ ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၉ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားနိုင်ပြီး လီဗာပူးအသင်းကို အမှတ်ပေးဇယားရဲ့ အဆင့်၂နေရာ အထိ ရောက်ရှိအောင် ကူညီပေးထားနိုင်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ကွင်းလယ်လူဟောင်း တဦး ဖြစ်သူ ရော်ဘီဆာဗစ် ကတော့ လက်ရှိအချိန်မှာ ဆာလာဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ယူဆနေပြီး ဆာလာဟာ ရိုနယ်ဒို ၊ မက်ဆီ ၊ နေမာ ၊ အမ်ဘာပေတို့ထက် ပိုမို ကောင်းမွန်နေကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Metro

ဆာဗစ်က – “မိုဆာလာက လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်နေပါပြီ။ ကျွန်တော်သာ အသင်းတသင်းကို ကိုင်တွယ်ခွင့် ရထားရင် ဆာလာကို မက်ဆီနဲ့ ရိုနယ်ဒိုကို ကျော်ပြီး ပွဲထွက်ခွင့် အတွက် ရွေးချယ်ပါမယ်။ အမ်ဘာပေထက်လည်း ဦးစားပေးပြီး သုံးပါမယ်။ နေမာနဲ့ ယှဉ်ရင်လည်း သူ့ကိုပဲ ရွေးမိပါလိမ့်မယ်။ အခုချိန်မှာ အသင်းတသင်းရဲ့ တိုက်စစ်ပိုင်း အတွက် စဉ်းစားတော့မယ် ဆိုရင် ဆာလာဟာ ပထမဦးဆုံး စဉ်းစားမိတဲ့ ကစားသမား ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ သူ့ရဲ့ ဖန်တီးနိုင်စွမ်းတွေ ၊ သွင်းဂိုးတွေ ၊ ဖန်တီးမှုတွေ အားလုံးကို ခြုံကြည့်လိုက်ရင် သူက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားပါ” လို့ ချီးကျူးသွားခဲ့တာပါ။