MySport Myanmar

၄ပွဲမှာ ၄မှတ်ပဲ ရသေးပေမယ့် ချယ်လ်ဆီးက Top 4 ဝင်မယ်လို့ ရော်ဘီ ဆားဗေ့ချ် ခန့်မှန်း

ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ရော်ဘီ ဆားဗေ့ချ်က လန်ဒန် အင်အားကြီးကလပ် ချယ်လ်ဆီးဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၄) အပြီးမှာ ရမှတ် ၄မှတ်ပဲ စုဆောင်းနိုင်သေးပေမယ့် ရာသီကုန်ချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဆိုလာပါတယ်။

ပိုင်ရှင်အပြောင်းအလဲ ဖြစ်ပြီးနောက် ရလဒ်တွေ တောက်လျှောက် ဆိုးဝါးနေတဲ့ ချယ်လ်ဆီးက ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းမှာ ပေါင် ၄၀၀သန်းကျော် အထိ သုံးကာ ကစားသမားသစ်တွေ ခေါ်ယူခဲ့ပေမယ့် အခုချိန်အထိ ခြေစွမ်းပိုင်းရော ၊ ရလဒ်ပိုင်းပါ အားရစရာ မကောင်းသေးပါဘူး။

Photo Credit: Tribuna

ချယ်လ်ဆီးက ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၄ပွဲ ကစားထားရာ ၁ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ဆိုး တခုကို ပိုင်ဆိုင်ခဲ့ပြီး ပွဲစဉ်(၄)အပြီးမှာ ရမှတ် ၄မှတ်သာ စုဆောင်းထားနိုင်တာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့်၁၂နေရာ အထိ ရောက်ရှိနေပါတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူ အများစုက ပိုချက်တီနို ဦးဆောင်နေတဲ့ ချယ်လ်ဆီးဟာ ဒီရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ကျိန်းသေပေါက် လွဲချော်မှာ ဖြစ်သလို ယူရိုပါလိဂ်ဝင်ခွင့် ရဖို့တောင် အသည်းအသန် ရုန်းကန်ရနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

Photo Credit: Premier League

ဒါပေမယ့် ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ရော်ဘီ ဆားဗေ့ချ်ကတော့ အပြာရောင်တပ်သားတွေကို ယုံကြည်နေဆဲ ဖြစ်ပြီး ဆားဗေ့ချ်က ဥရောပပြိုင်ပွဲတွေ ဝင်မကစားရတဲ့ အချက်ဟာ ချယ်လ်ဆီးအတွက် အဆင့်၄တိုက်ပွဲမှာ ပြိုင်ဘက်တွေကို အသာရစေမယ့် အချက် တခု ဖြစ်ပြီး ချယ်လ်ဆီးဟာ အဆင့်၄အတွင်း ဝင်နိုင်လိမ့်မယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

ရော်ဘီ ဆားဗေ့ချ်က – “ကျွန်တော်က ပိုချက်တီနို ရောက်လာမှုကြောင့် ချယ်လ်ဆီးဟာ အဆင့်၄အတွင်း ဝင်နိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ အခုလည်း အဲ့ဒီလိုမျိုး ယုံကြည်နေဆဲပါပဲ။ ချယ်လ်ဆီးက အောင်မြင်မှုတွေကို ဆာလောင်သလို အရည်အသွေးမြင့်တဲ့ ကစားသမားကောင်းတွေ အများကြီးကို ဝယ်ထားနိုင်ပါတယ်။ ပြီးတော့ ပိုချက်တီနိုကလည်း ကစားသမားတွေ ၊ အသင်းတွေကို တဆင့် မြင့်အောင် ကိုင်တွယ်ပြနိုင်တဲ့ နည်းပြမျိုးပါ။ ဒါကြောင့် ချယ်လ်ဆီးက ပိုချက်တီနိုရဲ့ လက်အောက်မှာ တဖြည်းဖြည်းချင်း တိုးတက်လာပြီး နောက်ဆုံးမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို အရယူနိုင်မယ်လို့ ထင်ပါတယ်။ ဥရောပဝင်ခွင့် မရထားလို့ လေ့ကျင့်ချိန် ၊ နားချိန် ပိုရမယ့် အချက်ကလည်း ပိုချက်တီနိုရဲ့အဖွဲ့ အတွက် အရမ်းကောင်းတဲ့ အားသာချက် တခု ဖြစ်လာပါလိမ့်မယ်” လို့ သုံးသပ်ပြသွားခဲ့တာပါ။

Exit mobile version