ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် တခါတရံ လုပ်ဆောင်နေတဲ့ ဆောင်းဒါးစ်ကတော့ ယခု နွေဈေးကွက် အတွင်းမှာ ချယ်လ်ဆီးရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ မန်ချက်စတာ ယူနိုက်တက် ဗဟိုနောက်ခံလူ မက်ဂွိုင်းယားအနေနဲ့ မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာပြီး ချယ်လ်ဆီးဆီ ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အင်္ဂလန် လက်ရွေးစင် ဗဟိုနောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက လက်စတာ စီးတီးကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းရဲ့ အဓိက ဗဟိုနောက်ခံလူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် အသင်းခေါင်းဆောင် ရာထူးကိုပါ ရရှိထားသူပါ။

Photo Credit: The Sun

ဒါပေမယ့် မက်ဂွိုင်းယားရဲ့ ခြေစွမ်းတွေက ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ တစထက် တစ ပိုမို ကျဆင်းလာခဲ့ပြီး သူ့ရဲ့ ခြေစွမ်းပိုင်း ကျဆင်းလာမှုကြောင့်ပဲ မက်ဂွိုင်းယားဟာ ယခုတပတ်ထဲမှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် ၂-၁ လီဗာပူး ပွဲစဉ်မှာ အသင်းရဲ့ ပွဲထွက်လူစာရင်း ကနေပါ ဖယ်ရှားခံခဲ့ရပါတယ်။

တဖက်မှာတော့ ယခု နွေဈေးကွက် အတွင်းမှာပဲ ရူဒီဂါနဲ့ ခရစ်တန်ဆန်တို့လို အဓိက ဗဟိုနောက်ခံလူ နှစ်ဦးကို ဆုံးရှုံးထားရတဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ ခံစစ်ပိုင်း အတွက် လက်စတာ စီးတီးရဲ့ လူငယ် ဗဟိုနောက်ခံလူ ဖိုဖာနာကို ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့် ဖိုဖာနာကို ခေါ်ယူဖို့ ခက်ခဲနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်မှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ မသေချာတော့တဲ့ မက်ဂွိုင်းယားကို အစားထိုး ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: The Sun

အင်္ဂလန်နဲ့ လီဗာပူး ကွင်းလယ်လူဟောင်း ဆောင်းဒါးစ်ကတော့ မက်ဂွိုင်းယားဟာ ယခုအချိန်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပေမယ့် ဗဟိုနောက်ခံလူကောင်း တဦး ဖြစ်တာကြောင့် အသင်းသစ် တသင်းထံ ပြောင်းရွှေ့ခြင်းက မက်ဂွိုင်းယားရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်နေပြီး မက်ဂွိုင်းယားဟာ ချယ်လ်ဆီးဆီ ပြောင်းရွှေ့သင့်ကြောင်းပါ အကြံပေးသွားခဲ့ပါတယ်။

ဆောင်းဒါးစ်က – “ကျွန်တော်က အလုပ်မကြိုးစားကြတဲ့ ယူနိုက်တက် ကစားသမားတွေ အတွက် စိတ်မကောင်းဖြစ်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်က မက်ဂွိုင်းယား အပေါ်မှာ အကောင်းမြင်စိတ် နည်းနည်းလေး ရှိပါတယ်။ မက်ဂွိုင်းယားက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးနေပြီး သူ့ရဲ့ ယုံကြည်မှု ပျောက်ဆုံးနေတာဟာ ပိုပို ဆိုးရွားလာနေပါတယ်။ ဒါပေမယ့် သူက မျှော်လင့်ချက် မဲ့နေတဲ့ ကစားသမားမျိုး မဟုတ်ပါဘူး။ သူက ဗဟိုနောက်ခံလူကောင်း တဦးပါ။ ကျွန်တော်တို့က သူဟာ ဗဟိုခံစစ်မှူး တဦးအနေနဲ့ ကောင်းကောင်းကြီး ကစားပြနိုင်တာကို အတိတ်မှာ မြင်တွေ့ခဲ့ပြီးပါပြီ။ သူက စိတ်ဓာတ်ပိုင်းလည်း ကောင်းတယ်။ ပရော်ဖက်ရှင်နယ် ပီသတယ်။ ပြီးတော့ လူကောင်း တဦးပါ။ သူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြန်ရအောင် ကြိုးစားခဲ့ပေမယ့် ထင်ထားသလို မဖြစ်လာခဲ့ပါဘူး။ ဒါကြောင့် ဒီအချိန်က သူ့အတွက် အသင်းပြောင်းဖို့ အကောင်းဆုံး အချိန်ပဲလို့ မြင်ပါတယ်။ (မန်ချက်စတာ ယူနိုက်တက် ကနေ ချယ်လ်ဆီးဆီသို့) အသင်းပြောင်းလိုက်တာက သူ့ရဲ့ ခြေစွမ်းတွေကို အရင်လို ပြန်မြင်ရအောင် လုပ်ပေးနိုင်ပါလိမ့်မယ်” လို့ အကြံပေး တိုက်တွန်းသွားခဲ့တာပါ။